ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စည်ပင်သာယာအမှိုက်ပုံ (ထိန်ပင်) မီးလောင်ကျွမ်းမှုတွင် မီးငြှိမ်းသတ်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ

 

  ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာ အုပ်စု၊ ထိန်ပင်သုဿန်၏ စည်ပင်သာယာအမှိုက်ပုံအတွင်း အပူချိန်လွန်ကဲမှုကြောင့် ၂၁ - ၄ - ၂၀၁၈ ရက်နေ့ ၁၂:၄၀ နာရီချိန်မှစတင်၍ အမှိုက်ပုံမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ပူပြင်းခြောက်သွေ့သော နွေရာသီဖြစ်ခြင်း၊ အမှိုက်ပုံ၏ ဧရိယာနှင့်ထုထည် ကျယ်ပြန့်ကြီးမားခြင်း၊ အမှိုက်ပုံ၏အောက်ခြေနှင့် အတွင်းပိုင်းတွင်လှိုက်၍ မီးလောင်နေခြင်းတို့ကြောင့် တာဝန်ရှိအကြီးအကဲများ၏ စီမံမှုနှင့်အတူ စက်ယန္တရားအရေအတွက်များစွာနှင့် လူအင်အားမြောက်များစွာ ရက်ရှည်ကြိုးပမ်းငြှိမ်းသတ်ခဲ့ကြ ရပြီး ၂ - ၅ - ၂၀၁၈ ရက်နေ့တွင်မှ အပြီးသတ် မီးငြှိမ်းဆောင်ရွက်နိုင်ခဲ့ကြသည်။


ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုအား ပထမပိုင်းရက်များတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှ မီးသတ်ယာဉ်များနှင့် ရေသယ်ယာဉ်များကို အသုံးပြု၍ လူအင်အားများစွာဖြင့် ငြှိမ်းသတ်ခဲ့သော်လည်း မီးမှာ အမှိုက်ပုံ အတွင်းဖက်၌လှိုက်၍ လောင်ကျွမ်းနေသောကြောင့် နိုင်နင်းအောင် ထိန်းချုပ်နိုင်မှုမရှိခဲ့သည့်အပြင် ထွက်ပေါ်လာသည့် မီးခိုးငွေ့များကြောင့် အမှိုက်ပုံနေရာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများ အသက်ရှူကြပ်ခြင်းနှင့် ကျန်းမာရေးထိခိုက်မှုဖြစ်ပွားခြင်းနှင့် တောင်ဥက္ကလာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) အထိ မီးခိုးနံ့များပျံ့လွင့်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန် ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် မြေပြင် အခြေအနေများ သွားရောက်ကြည့်ရှုလေ့လာကာ အရေးပေါ်အစည်းအဝေးများ ကျင်းပပြီးနောက် မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်ပေးရေးလုပ်ငန်းစဉ်များနှင့် မီးငြှိမ်းသတ်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအတွက် အန္တရာယ်ကင်းရှင်း ရေးနှင့် နေထိုင်စားသောက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စီမံလမ်းညွှန် ခဲ့ကြရပြီး အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြရသည်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်တွင် ယာဉ်နှင့်ယန္တရားများ အမျိုးအစားနှင့် အရေအတွက် တိုးမြှင့် အသုံးပြုခြင်း၊ ယခင်က ထိန်ပင်ရေကန်မှ ရေကို ရေသယ်ယာဉ်များဖြင့် သယ်ယူပက်ဖျန်းခြင်းအစား ထိန်ပင်ရေကန်၌ ရေစုပ်စက်များထိုင်၍ ရေပက်ဖျန်းရန် လိုအပ်သည့်နေရာများအထိ ရေပိုက်များဖြင့် ရေတိုက်ရိုက်ပေးပို့ခြင်းနည်းလမ်းသို့ အမြန်ဆုံး စီမံပြောင်းလဲဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံမှ Bio Foam များ အမြန်ဆုံးရောက်ရှိအောင် ဝယ်ယူပက်ဖျန်းခြင်းတို့ကို အချိန်တို၊ ရက်ပိုင်းအတွင်း စီမံဆောင်ရွက်နိုင်ခဲ့မှုကြောင့် ၂- ၅ -၂၀၁၈ ရက်နေ့တွင် အပြီးသတ် မီးငြှိမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

         

ထိုကာလအတောအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များဖြစ်သည့် ပတ်ဝန်းကျင် လေထု အရည်အသွေး (Air Quality) တိုင်းတာခြင်းနှင့် တွေ့ရှိချက်များနှင့်အညီ လိုအပ်သည့် အကာအကွယ် (Mask)များ ဖြန့်ဝေပေးခြင်း၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ပေးခြင်း အပါအဝင် ဆေးခန်း ၆ ခန်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊  လိုအပ်သည့်

 

လူနာတင်ယာဉ်များအသင်းစုဖွဲ့ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက် အသိပညာပေး ဗီနိုင်းများ ပြုလုပ်တပ်ဆင်ပညာပေးခြင်း၊ လိုအပ်သည့်အောက်ဆီဂျင်ဓာတ်ငွေ့အိုးများ လုံလုံလောက်လောက် ရရှိအောင်စီစဉ်ခြင်း စသည်ဖြင့် လိုအပ်ချက်များကို အမြန်ဆုံး စီစဉ်ဖြေရှင်းနိုင်ခဲ့ကြသည်။

အန္တရာယ်ကင်းရှင်းရေးနှင့် နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း စေတနာရှင်၊ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုများအား စနစ်တကျ ကောက်ခံစုစည်း၍ မီးငြှိမ်းသတ်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေသူများသို့ လိုအပ်သည့် နှာခေါင်းစည်း၊ ရေသန့်၊ အအေး၊ အားဆေးများ၊ စားသောက်ဖွယ်ရာများကို စနစ်တကျ ပြန်လည်ဖြန့်ဝေပေးနိုင်ခဲ့သည်။

         

ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရေးတွင် စုစုပေါင်းအားဖြင့် အသုံးပြုခဲ့သည့် ယာဉ်၊ယန္တရားများ၊ စက်ယန္တရားများ အရေအတွက်မှာ မီးသတ်ယာဉ် (၂၇) စီး၊ ရေသယ်ယာဉ် (၆၃) စီး၊ အထောက်အကူပြု ယာဉ် (၃၃) စီး၊ ကွပ်ကဲမှုယာဉ် (၂၃) စီး၊ အပေါ့စား ရေစုပ်စက် (၆၅) လုံး၊ မြေတူးစက် (၉) စီး၊ မြေတွန်းစက် (၄) စီး၊ HNE (၄၀) လုံး၊ Water Tank Truck (ရေအမြောက် ယာဉ်) (၃) စီး၊ Foam မီးသတ်ယာဉ် (၁၁) စီး တို့ဖြစ်သည်။

မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်၊ လုံခြုံရေးလုပ်ငန်းစဉ်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ် များနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ယင်းကာလအတွင်း ပါဝင်ထမ်းရွက် ခဲ့ကြသူများ အင်အားအခြေအနေမှာ မှတ်တမ်းများအရ မီးသတ်တပ်ဖွဲ့ဝင် (အရန်+ သန္ဓေ) (၁၇၄၇) ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း (၇၂၂) ဦး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု

စီမံခန့်ခွဲရေးဦးစီးဌာနမှ (၄၁) ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၃၂၈) ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်း(၂၄)ဦး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၁၅၆) ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၄၉) ဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိ/စစ်သည် (ဆေးတပ်ဖွဲ့အပါအဝင်) (၂၂၀) ဦး၊  စုစုပေါင်း (၃၂၈၇) ဦးထိ ပါဝင်ထမ်းရွက်ခဲ့ကြသည်။

 

ထို့အပြင် ပရဟိတအဖွဲ့ (၄၃) ဖွဲ့ကလည်း မီးငြှိမ်းသတ်ရေးဆောင်ရွက်ကြသည့် မီးသတ် တပ်ဖွဲ့ဝင်များ၊ စစ်သည်များအား ကာလတစ်လျှောက်လုံး အစဉ်တစိုက် ပူးပေါင်းကူညီခဲ့ကြပြီး လှူဒါန်းရရှိသော အစားအသောက်နှင့် ပစ္စည်းပစ္စယများ လိုက်လံဝေငှပေးခဲ့ကြသည်။