နေပြည်တော် ဇွန် ၁၁
ဒေါ်အောင်ဆန်းစုကြည်နှင့် NHK တို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်နိုင်ခြင်းမှာ ငါးနှစ်တာကာလ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပြဿနာကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
အဆင့်ဆင့်သွားရတဲ့လုပ်ငန်းစဉ်
မေး ။ ။ ရခိုင်ပြည်နယ်မှာ မိမိကိုယ်မိမိ ရိုဟင်ဂျာလို့ ခေါ်နေသူတွေကို ဌာနေပြန်ပို့မယ့်လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းမယ့်လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူဖို့ မြန်မာ အစိုးရက သဘောတူညီခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ လွတ်လပ်သောကော်မရှင်တစ်ရပ် ထူထောင်ဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ ဒီအရေးယူဆောင်ရွက်ချက်တွေဟာ ဒုက္ခသည်များရော၊ နိုင်ငံတကာ အသိုက်အဝန်းကပါ ယခင်ကတည်းက လုပ်ဆောင်ဖို့ လိုလားချက် ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအချိန်၊ ဘာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအချိန်၊ဒီအခါရောက်တော့မှ အရေးယူဆောင်ရွက်ရတာပါလဲ။
ဖြေ ။ ။ ကျွန်မအနေနဲ့ကတော့ ဒီအချိန်၊ ဒီအခါရောက်မှ အရေးယူဆောင်ရွက်ရတယ်လို့တော့ မထင်မြင်ပါဘူး။ ဒါက အဆင့်ဆင့်သွားရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ သဘောတူနိုင်တဲ့MoU မျိုးရရှိဖို့ ဆွေးနွေးညှိနှိုင်းနေခဲ့တယ်ဆိုတဲ့အချက်ကို အများ မသိခဲ့ကြဘူး။ ဒီကိစ္စစတင်တာက ကျွန်မတို့ ဒေါက်တာကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ ရရှိစဉ်ကတည်းက ဖြစ်ပါတယ်။ အခုနောက်ဆုံး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးသည်လည်း ကျွန်မတို့ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်နဲ့အညီ လုပ်ဆောင်တာပါ။ ဒီအကြံပြုချက်ကို ကျွန်မတို့ အထူးအလေးအနက်ထားပါတယ်။ ဒီအဖွဲ့အနေနဲ့ ပကတိ အခြေအနေအပေါ် အမှန်အတိုင်း ရှုမြင်သုံးသပ် နိုင်စွမ်း ရှိတယ်လို့ ကျွန်မတို့ ယုံကြည်တာကြောင့် အဲဒီအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်မှတ်ရေးထိုး
မေး ။ ။ ဒီအရေးယူ ဆောင်ရွက်ချက်တွေ ပေါ်ထွက်လာစေဖို့ မြန်မာနိုင်ငံအနေနဲ့ ပေါ်ထွက်လာစေဖို့ မြန်မာနိုင်ငံအနေနဲ့ဘာကြောင့်များ အချိန်အကြာကြီး ယူခဲ့ ဘာကြောင့်များ အချိန်အကြာကြီး ယူခဲ့ရတာပါလဲ။ ဒီအရေးယူဆောင်ရွက်ချက်တွေလုပ်ဆောင်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲကဘာပါလဲ။
ဖြေ ။ ။ အချိန်အကြာကြီး ယူခဲ့တယ်ဆိုပြီး ပြောနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကြံပေးအဖွဲ့ကအကြံပြုခဲ့တာဟာ လအနည်းငယ်ပဲ ကြာမြင့်သေးတာကို အမှတ်ရမယ်ဆိုရင် အဲဒီလိုပြောမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ကျွန်မတို့ အချိန်အကြာကြီးယူခဲ့ရတယ်လို့ ပြောလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။UNDP နဲ့ UNHCR တို့နဲ့ MoU လက်မှတ်ရေးထိုးတာနဲ့ပတ်သက်ပြီး ပြောရရင်ကျွန်မတို့ သေသေချာချာ ဆွေးနွေးညှိနှိုင်းပြီးမှသာ သဘောတူညီချက်ရလာတာပါ။ နှစ်ဖက်စလုံးအနေနဲ့ သက်ရောက်မှုတွေ အားလုံးကိုပိုင်းခြားစိတ်ဖြာ သုံးသပ်ဖို့ လိုအပ်တဲ့အတွက်ကြောင့်ပါ။ တချို့အစိတ်အပိုင်းတွေမှာ ကျွန်မတို့အနေနဲ့ အချိန်မဆိုင်းဘဲ သဘောတူညီခဲ့တယ်။ တချို့အပိုင်းတွေမှာတော့ အခက်အခဲ၊ အတားအဆီးအချို့ကို ကျော်လွှားခဲ့ရတယ်။ ဒါကြောင့် အဓိပ္ပာယ်အနှစ်သာရပြည့်ဝပြီး တကယ်လက်တွေ့လည်း အကောင်အထည်ဖော်နိုင်မယ့် MOU တစ်ခု ရရှိလာဖို့ဆိုတာဟာ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။
သဘောတူညီချက်
မေး ။ ။ မြန်မာနိုင်ငံအနေနဲ့ သဘောတူညီချက်အတိုင်းလိုက်နာဖို့မှာ ဘာအခက်အခဲရှိသလဲ။
ဖြေ ။ ။ ကျွန်မတို့အနေနဲ့ရော၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေအဖို့ပါ ဘယ်ကိစ္စကတော့ တကယ့် အခက်အခဲပဲလို့ ယူဆစရာရှိမယ်မထင်ပါဘူး၊ စဉ်းစားရမယ့်အချက်တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်တစ်ခုကမှ ခွဲထုတ်လို့မရတဲ့ အနေအထားမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုသဘော တူညီချက်ရတာပါ။
မေး ။ ။ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ခေါ်နေတဲ့လူတွေအပေါ် အကြမ်းဖက်မှုတွေရှိခဲ့တယ် လို့ မြန်မာအပေါ် စွပ်စွဲဝေဖန်မှုတွေ ပေါ်ထွက် ခဲ့ပါတယ်။ ဒီကိစ္စဟာ အလွန်ရှုပ်ထွေးတဲ့ပြဿနာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောတာတွေလည်း ကျွန်မကြားသိခဲ့ရပါတယ်။ ဒီပြဿနာမှာ နိုင်ငံတကာ အသိုက် အဝန်းက ကြားဝင်စွက်ဖက်မှု မပြုသင့်ဘူးလို့လည်းပြောခဲ့တာရှိပါတယ်။ ဘာကြောင့်များ ဒီ ပြဿနာ ဟာ မြန်မာနိုင်ငံအတွက် သိပ်ရှုပ်ထွေး ခက်ခဲနေရသလဲဆိုတာကို ရှင်းပြပေးစေလိုပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက ကြားဝင်ဖြေရှင်းခွင့် မရှိသင့်ဘူးဆိုတာကလည်း ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ဦးစွာပထမ ကျွန်မပြောချင်တာကတော့ ဒီပြဿနာဟာ ကာလရှည်ကြာဖြစ်တည်လာတဲ့ ပြဿနာဖြစ်တယ်ဆိုတာပါ။ အရင်ရာစုနှစ် နှစ်ခုလောက်ကတည်းက ဖြစ်တည်လာတဲ့ ပြဿနာ ဆိုတာကို လူတွေမေ့လျော့နေကြပါတယ်။ ဒါဟာ မနေ့ကမှဖြစ်ခဲ့တဲ့အရာမဟုတ်ဘူး။ ဒီလောက်ကာလ ကြာရှည် ဖြစ်တည်လာတဲ့ပြဿနာကို လအနည်းငယ်အတွင်းမှာ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ကျွန်မတို့ အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ရယူခဲ့တာကလည်း နှစ်နှစ်လောက်ပဲရှိသေးတာပါ။ ဒီလောက် ကြီးကျယ်လှတဲ့ ပြဿနာကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြင်ပက မဆိုစလောက် လူအချို့နဲ့ မြန်မာနိုင်ငံအတွင်းက မဆိုစလောက် လူအချို့ကပဲ ဒီပြဿနာဟာ သမိုင်းနဲ့ ချီပြီး ရှုပ်ထွေးလှတဲ့ပြဿနာလို့ သိရှိကြတာပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ကျွန်မတို့ ဒီလိုမျိုးကိုင်တွယ်ဆောင်ရွက်ရလဲဆိုတာကို ပြည်ပကလူများသာမက ပြည်တွင်း မှာ နေထိုင်သူတွေကလည်း ကောင်းစွာသိရှိသင့်တယ်။ ကျွန်မတို့ပြည်သူတွေ ရေရေရာရာသိရှိ သင့်တယ်ဆိုတာ အရေးအကြီးဆုံး အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးတိုးတက်ကောင်းမွန်မှုတို့ကို ကျွန်မတို့ကိုယ်တိုင်ကပဲ ထိန်းသိမ်း စောင့်ရှောက် ကြရမှာ ဖြစ်လို့ပါပဲ။
အန္တရာယ်ရှိ
မေး ။ ။ ဒီပြဿနာ ဘယ်လိုရှုပ်ထွေးနေသလဲဆိုတာကို နိုင်ငံတကာအသိုက်အဝန်းကိုရော မြန်မာပြည်သူတွေကိုပါ ရှင်းပြဖို့မှာ ဘာကြောင့် အချိန်ယူဖို့ လိုအပ်နေသလဲ။ မြန်မာအတွက် ဘယ်လို အန္တရာယ်တွေ ရှိလို့လဲ။
ဖြေ ။ ။ ပြဿနာတစ်ခုကို ဘက်ပေါင်းစုံကစဉ်းစားခြင်းမရှိဘဲ ဒရောသောပါး ဖြေရှင်းမယ်ဆိုရင် ဘယ်သူ့အတွက်မဆို အန္တရာယ်ရှိမယ်လို့ ကျွန်မယူဆပါတယ်။
မေး ။ ။ ဒီပြဿနာတွေ ခုထက်မြန်မြန် ဖြေရှင်းရင် မြန်မာအတွက် ဘယ်လို အန္တရာယ်တွေ ကျရောက်နိုင်လို့လဲ။
ဖြေ ။ ။ ဘယ်အရာကိုမဆို ဖုတ်ပူမီးတိုက်မလုပ်သင့်ဘူး။ အချိန်ယူပြီး လုပ်ရမှာကို အချိန်ယူလုပ်သွား ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေကို မြန်မြန်ပြီးစမ်းပါလို့ အတင်းတွန်းလို့မရဘူး။ ဆိုပါတော့ “ဖြစ်ပြီးတဲ့ပြဿနာတွေမေ့ထားလိုက်ပါ၊ စာမျက်နှာအသစ် ပြန်ဖွင့်လိုက်ပါ”လို့ လူတွေကို သွားပြောလို့ မရဘူး။ အမိန့်ပေးလို့လည်း မရဘူး။ ပြဿနာတွေအားလုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းအဖုံဖုံ ရှာဖွေ ဖော်ထုတ်ရမှာပါလားလို့ လူတွေသဘောပေါက်နားလည်လာစေမယ့် အနေအထားတစ်ရပ်ကို ဖန်တီးပေးဖို့ လိုပါတယ်။
ယုံကြည်စိတ်ချရတဲ့သူတွေ
မေး ။ ။ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းမယ့် လွတ်လပ်သော ကော်မရှင်နဲ့ပတ်သက်ပြီး ဘယ်လို အဖွဲ့ဝင်တွေ ပါဝင်တယ် စသည်ဖြင့် နည်းနည်းပိုပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပေးစေလိုပါတယ်။ အဲဒီကော်မရှင်ဟာ ယုံကြည်စိတ်ချရတဲ့ ကော်မရှင်၊ လွတ်လပ်တဲ့ကော်မရှင် ဖြစ်တယ်ဆိုတာ သေချာပါသလား။ ပြီးတော့ သူတို့ အနေနဲ့ မြန်မာအစိုးရဟာ တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းလုပ်ဆောင် နေတယ် ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်း သိအောင် ရှင်းပြပေးလိမ့်မယ်လို့ရော ယုံကြည်ပါသလား။
ဖြေ ။ ။ လတ်တလောမှာတော့ ကော်မရှင်မှာ ဘယ်သူတွေပါမယ်ဆိုတာကို ကျွန်မတို့တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်းအရည်အချင်းပြည့်ဝပြီး ဘက်မလိုက်သူတွေအဖြစ် ကျွန်မတို့ အပြည့်အဝ ယုံကြည်စိတ်ချရတဲ့သူတွေကိုသာ ခန့်အပ်သွားမှာဖြစ်ပါတယ်။
အပြုသဘောရည်ရွယ်
မေး ။ ။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုရှိလာမယ်ဆိုရင် အခြေအနေ ကော်မရှင်တစ်ခုရှိလာမယ်ဆိုရင် အခြေအနေတိုးတက်လာပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မှု ကိုလည်း ရရှိလာမယ်လို့ ယုံကြည် နားလည်မှုကိုလည်း ရရှိလာမယ်လို့ ယုံကြည်ယူဆ ပါသလား။
ဖြေ ။ ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းသင့်တယ်လို့ အကြံပေးအဖွဲ့က ယုံကြည် ယူဆပါတယ်။ အကြံပေးအဖွဲ့အပေါ် အပြည့်အဝယုံကြည်စိတ်ချမှု၊ ဒီအဖွဲ့ရဲ့ စိတ်ကောင်း စေတနာ ကောင်းရှိမှုနဲ့ ဉာဏ်ပညာအမြော်အမြင် ပြည့်ဝမှုတို့ကြောင့် အခုကိစ္စသည် အခြေအနေ တိုးတက်ကောင်းမွန် လာစေဖို့ အပြုသဘောရည်ရွယ်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်။
မေး။ ။ ဘာကြောင့် မိမိနိုင်ငံအစီအစဉ်နဲ့ လုပ်ဆောင်ဖို့ကို ရွေးချယ်ပါသလဲ။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်လိုမျိုး နိုင်ငံတကာအစီအစဉ်တစ်ရပ်ကို ဘာကြောင့် မရွေးချယ် တာလဲ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ အရင်ကတည်းက ရှင်းပြခဲ့ပြီးသားပါ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ကို ကျွန်မတို့ဘာကြောင့် လက်မခံရသလဲဆိုတာကို ထပ်တလဲလဲ ရှင်းပြ ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုကိစ္စက အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့က ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်နေသလဲဆို တာကို သေသေချာချာ လေ့လာနိုင်တဲ့ အနေအထား ရှိပါတယ်။ သူတို့က အလေးအနက်အကြံပြုတာဖြစ်တဲ့အတွက် ကျွန်မတို့ကလည်းအလေးအနက်ထား ဆောင်ရွက်နေတာဖြစ်ပါတယ်။
ယုံကြည်မှုတည်ဆောက်နိုင်စေဖို့
မေး။ ။ ကော့ဘဇားမြို့မှာ ဒုက္ခသည်အများအပြားဟာ မြန်မာနိုင်ငံကိုပြန်ဖို့ တုံ့နှေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ သူတို့ဌာနေပြန်လာရင် အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မှုကြောင့်ပါ။ ဒီအချက်ဟာ ဒုက္ခသည်တွေအနေနဲ့ သူ့ဆန္ဒနဲ့အညီ ဌာနေပြန်ဖို့ ပိုလို့တောင် ခက်ခဲစေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေရဲ့ယုံကြည်မှု ပြန်လည်ရရှိလာအောင်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ယုံကြည်မှု ပြန်လည်ရရှိလာအောင် ဘယ်လိုလုပ်ဆောင်မှာပါလဲ။
ဖြေ။ ။ ယုံကြည်မှုဆိုတာ အပြန်အလှန် ရှိသင့်ပါတယ်။ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံအပေါ်မှာသာမှီတည်နေတာမဟုတ်ပါဘူး။ ယုံကြည်မှုတည်ဆောက်နိုင်စေဖို့ တစ်ဖက်လူ ဘက်ကလည်း လိုအပ်တဲ့ခြေလှမ်းတွေလှမ်းဖို့ လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာပြောရရင်မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရရှိခဲ့တဲ့ MOU နဲ့အညီ ပုံစံတွေဖြည့်စွက်ပေးရမှာဖြစ်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်းမရှိပါဘူး။ ဒီပုံစံတွေကို ဖြန့်ဝေပေးခြင်းမရှိရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေမသိကြရင် ကျွန်မတို့အနေနဲ့ ဒုက္ခသည် ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန်တိုးတက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာ နှစ်ဦးနှစ်ဖက်အပြန် အလှန် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လို့မြင်တာပါ။ MoU ကို မိမိတို့နှစ်နိုင်ငံစလုံးသာမက အခြား သူများပါ သဘောတူညီခဲ့ကြပါတယ်။ အဲဒီပါဝင်သူများအားလုံးက အသီးသီးက တာဝန်ယူမှုတွေကို အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။
ကျေပွန်စွာထမ်းဆောင်ခဲ့
မေး။ ။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးက အများကြီး လုပ်ကိုင်သွားဖို့လိုတယ်လို့ ကျွန်မ နားလည်မိပါတယ်။ မြန်မာနိုင်ငံဘက်က ဘာတွေလုပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ ကျွန်မတို့အနေနဲ့ MoU နဲ့အညီ တာဝန်ဝတ္တရားတွေအားလုံးကို သယ်ပိုးထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ တကယ်လို့ ရှင့်အနေနဲ့ MOU ကို ဖတ်ကြည့်မယ်၊ ကျွန်မတို့ဘာလုပ်နေသလဲဆိုတာကို လည်း လေ့လာကြည့်မယ်ဆိုရင် တာဝန်ဝတ္တရားများအားလုံးကို ကျွန်မတို့ ကျေပွန်စွာထမ်းဆောင် ခဲ့တယ်ဆိုတာကို ရှင် တွေ့မြင်လိမ့်မယ်လို့ကျွန်မ ယူဆပါတယ်။ ဒါပေမယ့်လည်း စာရွက်လေး တစ်ရွက် ပေါ်မှာ လက်မှတ်ရေးထိုးရုံနဲ့ ယုံကြည်မှုကိုတည်ဆောက်လို့မရနိုင်ဘူး။ အခြေအနေဟာ ယုံကြည်စိတ်ချရတဲ့ အခြေအနေ ဟုတ်၊ မဟုတ် စွန့်စားလုပ်ဆောင်ကြည့်ဖို့လိုပါတယ်။ ပေးလာတဲ့ အနေအထားတစ်ရပ်ကိုလက်တွေ့စမ်းသပ်ကြည့်ဖို့ အဆင်သင့်မရှိဘူးဆိုရင်တော့ဒါဟာ လက်ခံနိုင်တဲ့ အနေအထားဟုတ်၊ မဟုတ်ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။
ကတိကဝတ်
မေး။ ။ ယုံကြည်မှုပြန်လည်ရရှိနိုင်အောင် လုပ်နိုင်ဖွယ်ရာတွေအားလုံးကို မြန်မာနိုင်ငံက လုပ်နေတယ်လို့ ကျွန်မ နားလည်မိပါတယ်။ အခုဆက်လက်ပြီးတော့ ဘယ်လို အရေးယူ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အချိန်အကန့်အသတ် ဘောင်တစ်ခုအတွင်း လုပ်ဆောင် လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ အခုအထိတော့ (က)အဆင့်အထိယုံကြည်မှု တည်ဆောက်ပြီးသွားပြီ။ နောက်လေးလမှာ(ခ) အဆင့်ကို ရောက်မယ်။ အဲဒီလိုမျိုး ပြောလို့မရဘူး။ အဲဒီလိုမျိုး တည်ဆောက် လို့ရတာ မဟုတ်ဘူး။ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ တစ်ဆက်တည်းဖြစ်ပေါ်နေရမယ့် လုပ်ငန်းစဉ်ပါ။ သက်ဆိုင်သူတိုင်းဟာ အပြုသဘောဆောင်ဖို့လိုတယ်၊ ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်အတိုင်း လုပ်မယ်လို့ ကတိကဝတ်ရှိကြရပါမယ်။
မေး။ ။ ကုလသမဂ္ဂနဲ့ သဘောတူညီချက်ရယူခြင်း၊ အပြန်အလှန်ယုံကြည်မှုရရှိစေဖို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ထူထောင်ခြင်းလိုမျိုး မြန်မာအစိုးရရဲ့မကြာသေးမီက လုပ်ဆောင်ချက်တွေဟာ ယုံကြည်မှု တည်ဆောက်ရေးလို့ ကျွန်မတို့ နားလည်လို့ရပါ့မလား။
ဖြေ။ ။ UNDP နဲ့ UNHCR တို့နဲ့ MoU လက်မှတ်ရေးထိုးခဲ့တာတို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာတို့ဟာ ကျွန်မတို့ကို ယုံကြည်မှု ရှိလာစေဖို့ လုပ်ကိုင်တာလားလို့ မေးချင်တာလား။
အလေးအနက်ထား
မေး။ ။ ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့လို့တော့ မဆိုလိုပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ မူဝါဒလမ်းကြောင်းနဲ့ ------။
ဖြေ။ ။ ဒေါက်တာကိုဖီအာနန် ကော်မရှင်နဲ့ ကျွန်မတို့ရဲ့အကြံပေးအဖွဲ့တို့ရဲ့ အကြံပြုချက်တွေနဲ့အညီ လုပ်ဆောင် နေတယ်ဆိုတာကို ကျွန်မအကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပြီးပါပြီ။ ဉာဏ်ပညာ အမြော်အမြင် လည်းရှိ၊ စိတ်စေတနာကောင်းလည်းရှိတယ်လို့ ကျွန်မတို့ယုံကြည်သူတွေနဲ့ ဒီကော်မရှင်နဲ့ အကြံပေး အဖွဲ့ နှစ်ဖွဲ့စလုံးကို ဖွဲ့စည်းခဲ့တာပါ။ ဒါကြောင့် သူတို့ရဲ့အကြံပြုချက်တွေကို ကျွန်မတို့က အလွန်ကိုပဲ အလေးအနက်ထား ဆောင်ရွက်ပါတယ်။
လုပ်ထုံးလုပ်နည်းအတိုင်း
မေး။ ။ ရှင်းပြဖို့ ခက်ခဲမယ်လို့ ကျွန်မသိပေမယ့်လည်း မေးချင်တာက ဒုက္ခသည်တွေ ဌာနေပြန်မယ့် လုပ်ငန်းစဉ် မေးချင်တာက ဒုက္ခသည်တွေ ဌာနေပြန်မယ့်လုပ်ငန်းစဉ် အမှန်တကယ် စတင်နိုင်မယ့် အချိန်ကို သိပါရစေ။
ဖြေ။ ။ ဒါကတော့ မြန်မာနိုင်ငံအပေါ်မှာရော၊ ဘင်္ဂလားဒေ့ရှ်အပေါ်မှာပါ မှီတည်နေပါတယ်။ နှစ်ဦးနှစ်ဖက် လုပ်ကြရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။ ဒုက္ခသည်တွေကိုပုံစံတွေထုတ်ပေးတာ၊ ရခိုင်ပြည်နယ်ကို ပြန်လာဖို့ဘယ်လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကို ပြည့်ပြည့်စုံစုံ အသိပေးတာတွေမလုပ်သေးသရွေ့ ကျွန်မတို့အနေနဲ့ လုပ်ငန်းစဉ် အမြန်တိုးတက်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ဘူး။ ရှင်သိတဲ့အတိုင်း လူအချို့ ပြန်လာခဲ့ကြပေမယ့်လည်း တရားဝင်လမ်းကြောင်းတွေအတိုင်းမဟုတ်ဘူး။ ပြန်လာသူအချို့ကသူတို့ အနေနဲ့ ပုံစံတွေဖြည့်ဖို့ လိုအပ်တယ်ဆိုတာကိုမသိတဲ့အကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း သွားရမယ်ဆိုတာကိုလည်း မသိကြောင်း ပြောကြပါတယ်။
အမြစ်တွယ်နေ
မေး။ ။ မြန်မာနိုင်ငံအတွင်း၊ မြန်မာနိုင်ငံသား အများအပြားအတွင်းမှာ ရိုဟင်ဂျာလို့ပဲ ခေါ်ခေါ်၊ ရိုဟင်ဂျာမွတ်စလင်လို့ပဲ ခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲ ခေါ်ခေါ်၊ အခေါ်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ မုန်းတီးမှုတွေနက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေနဲ့ပါ အဲဒီလူတွေကို ဘယ်လိုသတင်းစကားများ တစ်ဦးအနေနဲ့ပါ အဲဒီလူတွေကို ဘယ်လိုသတင်းစကားများပါးချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့ အစိုးရတာဝန်ယူချိန်ကစလို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ကိုင်လာခဲ့ပါတယ်။ ဧပြီလ အစကျွန်မတို့ အစိုးရဖွဲ့စည်းနိုင်ခဲ့ပြီးတဲ့နောက်မှာ ကျွန်မတို့ပထမဆုံးလုပ်တဲ့အလုပ်တစ်ခုက ရခိုင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကော်မတီတစ်ရပ် ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တည်ရှိနေတဲ့ ရန်လိုမုန်းတီးမှု၊ မယုံကြည်မှုတွေ၊ကြောက်ရွံ့မှုနဲ့ အငြိုးအာဃာတတွေဟာ ဒီဒေသအတွင်းစီးပွားရေးဖွံ့ဖြိုးမှု ကင်းမဲ့တာ၊ လုံခြုံမှု အလွန်အမင်းအားနည်းတာတွေနဲ့ ယှက်နွှယ်အမြစ်တွယ်နေတယ်။
ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ ဖွဲ့စည်းခဲ့တာပါ။ အဲဒီအချိန်ကစလို့ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကာလရှည်ဖြေရှင်းချက် ရရှိနိုင်မယ့် နည်းလမ်းများကို ရှာဖွေခဲ့ရပါတယ်။ သို့သော်လည်းပဲ ကျွန်မတို့အနေနဲ့ပြဿနာ သက်သက်အဖြစ် ရှုမြင်ခြင်းမဟုတ်ဘဲ စိန်ခေါ်မှုတစ်ရပ်လို့ ရှုမြင်တယ်လို့ဆိုပါရစေ။ ဒါကြောင့် ရေရှည်လုပ်ငန်းစဉ်လို့ ဆိုတာဖြစ်ပါတယ်။ ရာစုနှစ်တစ်စုကျော်သမိုင်းနဲ့ချီပြီး ဖြစ်လာခဲ့တာကို လအနည်းငယ်အတွင်းကျွန်မတို့မဖြေရှင်းနိုင်ပါဘူး။ နှစ်အနည်းငယ်လောက်အတွင်းလည်း ပြီးစီးမှာ မဟုတ်ဘူး။ တစိုက်မတ်မတ်လုပ်ကိုင် သွားရမယ့် ကိစ္စရပ်ပါ။ တခြားကမ္ဘာ့နိုင်ငံတွေကို ရှင် လေ့လာကြည့်ရင် သိနိုင်မှာပါ။ နှစ်ပေါင်းများစွာအဓွန့်ရှည် တည်မြဲလာတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတောင် ပြဿနာတွေရှိနေတာပါ။ အရေးကြီးတာကတော့ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေအားလုံးအနေနဲ့ ငြိမ်းချမ်းစွာနေထိုင်ကြဖို့၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကြဖို့ လိုအပ်ခြင်းပါပဲ။
မေး ။ ။ သိပ်မကြာသေးမီက ဂျပန်သံအမတ်ကြီး Mr. Maruyama ကိုမောင်တောနဲ့ စစ်တွေကို ကွင်းဆင်းကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီကိစ္စမှာဂျပန်နိုင်ငံရဲ့အခန်းကဏ္ဍကို ဘယ်ပုံဘယ်နည်း အကဲဖြတ် သုံးသပ်လိုပါသလဲ။
ဖြေ ။ ။ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ အလွန်အပြုသဘောဆောင်စွာနဲ့ လက်တွေ့ကျကျ အကူအညီပေးနေတဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ အခုလို ကူညီပေးတဲ့အတွက် ကျွန်မတို့လေးစားတန်ဖိုးထားပါတယ်။ ရခိုင်ဒေသအတွက် အကူအညီ အထောက်အပံ့ပေးနေတဲ့နိုင်ငံတွေအနေနဲ့ အဲဒီမှာ ကျွန်မတို့ စီမံကိန်းတွေ ဘယ်လိုအကောင်အထည်ဖော်နေသလဲဆိုတာကို အသေအချာ မျက်မြင်ကြည့်ရှုနိုင်ဖို့ မကြာခဏ သွားရောက်လေ့လာနိုင်အောင်လည်း မူဝါဒချမှတ်ထားပါတယ်။
အစားထိုးလို့မရနိုင်
မေး ။ ။ ဂျပန်နိုင်ငံရဲ့ သဘောထားရပ်တည်ချက်ဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် အနည်းငယ်ကွဲပြား ခြားနားမှုရှိတယ်လို့ ယူဆပါသလား။
ဖြေ ။ ။ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ သဘောထားရပ်တည်ချက်ဟာ တစ်မျိုးတစ်ဘာသာစီဖြစ်ပါတယ်။ နိုင်ငံအချို့က ဘုံသဘောထားရပ်တည်ချက်ကိုကိုင်စွဲကြသလို နိုင်ငံအချို့ကတော့ တစ်သီးပုဂ္ဂလ သဘောထား ရပ်တည်ချက် ကိုကိုင်စွဲကြတယ်။ ဒါပေမယ့် ကျွန်မတွေးမိတာကတော့ သဘောထား ရပ်တည်ချက်တစ်ခုတည်းကို တစ်ထပ်တည်း လက်ခံထားတဲ့ နိုင်ငံနှစ်နိုင်ငံဆိုပြီးမရှိနိုင်ဘူးဆိုတာပါ။ ကွဲလွဲချက်အသေးအဖွဲဆိုတာ ရှိစမြဲပေါ့။
မေး။ ။ မြန်မာ-ဂျပန်ဆက်ဆံရေးရဲ့ ထူးခြားချက်အဖြစ် ဘယ်လိုယူဆပါသလဲ။
ဖြေ ။ ။ ဂျပန်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီး ထူးခြားချက်တစ်ရပ်လို့ကျွန်မ မသတ်မှတ်ချင်ဘူး။ အဲဒီလိုသတ်မှတ်မယ်ဆိုရင် အခြားနိုင်ငံတွေနဲ့ကျွန်မတို့နိုင်ငံ ဆက်ဆံရေးဟာမကောင်းဘူးလို့ အဓိပ္ပာယ် သက်ရောက်နေလိမ့်မယ်။ ဒါပေမယ့် နှစ်နိုင်ငံပြည်သူတွေအကြား ရင်းနှီးချစ်ကြည်မှုနဲ့ အပြန်အလှန်နားလည်မှု အပေါ် အခြေခံထားတဲ့ ဂျပန်နဲ့မြန်မာအကြား ဆက်ဆံရေးခိုင်ကျည်မှုကို ကျွန်မတို့အနေနဲ့ အစဉ်အမြဲ တန်ဖိုးထား တယ်လို့ ဆိုနိုင်ပါတယ်။ကျွန်မအမြဲပြောလေ့ရှိတာက နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှုဆိုတာပြည်သူတွေရဲ့ ရင်းနှီးချစ်ကြည်မှုအပေါ်မှာပဲ မူတည်ပါတယ်။ နှစ်နိုင်ငံပြည်သူတွေအကြား ရှိနေတဲ့ရင်းနှီးချစ်ကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတို့ကို ဘာအရာနဲ့မှလည်း အစားထိုးလို့ မရနိုင်ပါဘူး။ အစိုးရတွေပြောင်းလဲသွားပေမယ့် ပြည်သူ ဆိုတာ ထာဝရရှိနေပါတယ်။ ရှင်ပြောဆိုနေတဲ့ ဂျပန်နဲ့ထူးခြားတဲ့ဆက်ဆံရေးဆိုတာ နှစ်နိုင်ငံပြည်သူတွေ အကြား ရင်းနှီးချစ်ကြည်မှု နက်ရှိုင်းစွာတည်ရှိခြင်းကြောင့်တစ်စိတ်တစ်ဒေသ ဖြစ်ပေါ်လာတယ်လို့ ကျွန်မယူဆ ပါတယ်။
ပြည်သူတိုင်းပါဝင်ဖို့လို
မေး ။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးရေးတို့နဲ့ပတ်သက်ပြီး ဆက်ပါရစေ။ အစိုးရအဖွဲ့သစ်တာဝန်ယူခဲ့ပြီးတဲ့ နောက် နှစ်နှစ်အကြာမှာ တိုးတက်အောင်မြင်မှု ကိန်းဂဏန်းတွေကို ပြောပြပေးပါဦး။
ဖြေ ။ ။ တိုးတက်အောင်မြင်မှုတွေကို ရာခိုင်နှုန်းတွေ၊ ကိန်းဂဏန်းတွေနဲ့ရှင်းပြဖို့ လုံးဝမဖြစ်နိုင်ဘူး။ ရာခိုင်နှုန်းတွေနဲ့ ကိန်းဂဏန်းတွေနဲ့ ယှဉ်ပြီးတော့လည်း ကျွန်မ မတွေးခဲ့ဘူး။ ‘‘လုပ်ငန်းစဉ်’’ ဆိုတဲ့အကြောင်းကိုပဲ ကျွန်မပြန်ပြောရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုတာ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်။ လုပ်ငန်းစဉ်ဆိုတာ ပြီးဆုံးခြင်းဆိုပြီး မရှိနိုင်ဘူး။ ဖွံ့ဖြိုးပြီးဒီမိုကရေစီ နိုင်ငံတွေမှာတောင် စိန်ခေါ်မှုတွေကို ထပ်တလဲလဲ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲမှု နဲ့အတူ စိန်ခေါ်မှု အသစ်တွေ ပေါ်လာစမြဲပဲ။ ရှင် ပြောတဲ့အတိုင်း စံဒီမိုကရေစီအတွက် ပုံသေအတိုင်း ကျွန်မတို့ မလုပ်ဆောင်နိုင်ဘူး။ ဒီအရာဟာ အချိန်တိုင်းမှာ ပြောင်းလဲနေတယ်။
ဒါပေမယ့် ကျွန်မတို့အတွက် အခြေခံကျတဲ့ အရေးကြီးဆုံးအချက်ကတော့ ကျွန်မတို့ပြည်သူ တွေ အနေနဲ့ နိုင်ငံတော်အတွင်း ဒီမိုကရေစီတည်ဆောက်ရာမှာ ကျရာအခန်းကဏ္ဍကနေပြီး တစ်တပ်တစ်အား တာဝန်ယူ ဆောင်ရွက်ကြရမယ် ဆိုတာကို သိရှိထားကြဖို့ပါ။ ဒီမိုကရေစီ တည်ဆောက်ရေး ဆိုတာ အစိုးရအဖွဲ့ရဲ့ တာဝန်ဝတ္တရားမျှသာ မဟုတ်ပါဘူး။ အမှန်အတိုင်းဆိုရင် ဒီအချက်ဟာ ဆန့်ကျင်ဘက် သဘောတောင် သက်ရောက်နေပါတယ်။
ဒီမိုကရေစီလိုလားတယ်ဆိုရင် ဒီမိုကရေစီဟာ ပြည်သူအပေါ် အခြေခံတာကြောင့် ဒီမိုကရေစီစနစ်အောင်မြင်ရေးဆိုတာ အစိုးရအဖွဲ့ရဲ့ လက်ထဲမှာလုံးလုံးလျားလျားရှိတယ်လို့ဆိုရင် လုံးဝဆန့်ကျင်ဘက် ဖြစ်နေလိမ့်မယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ ပြည်သူတိုင်းပါဝင်ဖို့ လိုပါတယ်။ အဲဒီ လုပ်ငန်းစဉ် မှာ ပြည်သူဘယ်ရွေ့ဘယ်မျှ ပါဝင်နေတယ်၊ ဘယ်အတိုင်းအတာအထိ ပြည်သူတွေက ကိုယ်တိုင်ပါဝင်နေတယ်လို့ သတ်မှတ်ထားတယ်ဆိုပြီး ကျွန်မတို့အနေနဲ့ တွက်ချက်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ပြောင်းကြည့်ရင် ကျွန်မတို့ရဲ့ မဲဆန္ဒရှင်တွေ မဲရုံတွေဆီကိုသွားခဲ့ကြတဲ့ အချိုးအစားကတော့ ကောင်းမွန်တယ်ဆိုတာ ပြန်ပြောင်းသိနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတစ်ခုအနေနဲ့ ပညာရေးနိမ့်ကျခဲ့ပြီး ယခုထက်တိုင်အောင်လည်း ပညာရေး နိမ့်ကျမှုကို ခံစားနေကြရတုန်းပါပဲ။ လမ်းပန်းဆက်သွယ်ရေးမှာလည်း သာမန်လမ်းမျိုးတွေတောင် မတည်ဆောက်နိုင်လောက်အောင် နိမ့်ကျနေခဲ့ပါတယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်း တစ်ခုရဲ့နိုင်ငံသားများ အဖြစ် သူတို့ရဲ့တာဝန်ဝတ္တရားကျေပွန်ဖို့ မဲရုံတွေဆီကိုသွားခဲ့တဲ့ရာခိုင်နှုန်း မြင့်မားခဲ့တာ ကတော့ ကြီးမားတဲ့အောင်မြင်မှုတစ်ရပ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ နိုင်ငံတော်မဟုတ်သေးပါဘူး။ လွှတ်တော်ကိုကြည့်မယ်ဆိုရင် ဒီမိုကရေစီ ၇၅ ရာခိုင်နှုန်းပဲရှိတယ်ဆိုတာ ထင်ရှားစွာမြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ် ဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကိုပဲ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခဲ့လို့ပါပဲ။
ဒါပေမယ့်လည်း ဒီမိုကရေစီ ရပြီးတဲ့အဆင့်နဲ့ပတ်သက်လာရင် ဒီရာခိုင်နှုန်းနဲ့ ဆုံးဖြတ်နိုင်တယ်လို့တော့ ကျွန်မ မထင်ဘူး။ ကျွန်မတို့ရဲ့ပြည်သူတွေဟာ ရွေးကောက်ပွဲမတိုင်မီ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကြောက် တရားတွေ ပိုနည်းသွားတယ်။ ပြည်သူတွေအနေနဲ့ အတိတ်ကာလနဲ့ နှိုင်းယှဉ်ရင်သူတို့ရဲ့အစိုးရအဖွဲ့ကိုရော အစိုးရနဲ့ပတ်သက်နေသူတွေကိုပါ ယခင်ကထက် ပိုပြီး ပွင့်ပွင့် လင်းလင်း ဝေဖန်လာနိုင်ကြတယ်ဆိုတာ ရှင် သတိပြုမိလိမ့်မယ်လို့ကျွန်မ ထင်မြင်မိတယ်။ ဒီမိုကရေစီ လွတ်လပ်ခွင့် တိုးတက်လာခဲ့ပြီဆိုတာကိုဒီအချက်က ဖော်ညွှန်း နေတာပါ။ ဒါပေမယ့် လွတ်လပ်မှုဆိုတာ တာဝန်ယူမှုနဲ့ ဒွန်တွဲနေတယ်ဆိုတာကို ကျွန်မတို့အားလုံး သိရှိနားလည် ကြရပါလိမ့်မယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ ပြည်သူတွေရဲ့ တာဝန်ယူမှုတွေ ဘယ်လောက် အတိုင်းအတာ အထိ တိုးတက်လာပြီဆိုတာကို ကျွန်မတို့ အသေအချာ သိအောင်လုပ်ဖို့လိုပါသေးတယ်။
တာဝန်ယူမှုရှိကြဖို့
မေး ။ ။ဒီမိုကရေစီဟာ ပြည်သူအပေါ် အခြေပြုတယ်လို့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖော်ပြခဲ့တဲ့အတိုင်း ပြည်သူတွေရဲ့စိတ်ဓာတ်တွေဟာလွန်ခဲ့တဲ့ နှစ်နှစ်နဲ့နှိုင်းယှဉ်ရင် ပြောင်းလဲသွားခဲ့ပြီလို့ ထင်မြင်ယူဆ ပါသလား။
ဖြေ ။ ။ အစောပိုင်း ကျွန်မပြောခဲ့တဲ့အတိုင်း ပြည်သူတွေဟာ အကြောက်တရားပိုလျော့နည်းသွားပြီ။ ဒါကို ထောက်ချင့်ပြီး ပြည်သူတွေရဲ့စိတ်ဓာတ်ပြောင်းလဲနေတယ်လို့ ဆိုနိုင်တယ်။ ကျွန်မတို့အစိုးရဟာ တာဝန်ယူမှု ဆိုတာကို အကြိမ်ကြိမ်သုံးစွဲခဲ့ပြီး ပြည်သူတွေအနေနဲ့ တာဝန်ယူမှုရှိကြဖို့ဆိုတဲ့အချက်ကို ကျွန်မတို့ ထပ်တလဲလဲ ပြောနေမှာပါ။ ကျွန်မတို့အစိုးရဟာ ‘‘တာဝန်ယူမှု’’ဆိုတဲ့ ဝေါဟာရကို မကြာခဏ သုံးစွဲလေ့ရှိတယ်။ ဒီလိုသုံးစွဲရတာဟာ အရေးကြီးတယ်လို့ကျွန်မ ထင်မြင်မိပါတယ်။
မေး ။ ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြည့်အဝမရသေးဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးမှာတပ်မတော်ရဲ့ ဩဇာလွှမ်းမိုးမှုရှိနေဆဲဖြစ်လို့။ ရခိုင်ပြဿနာ ဒါမှမဟုတ် တိုင်းရင်းသား လူမျိုးများ ပြန်လည်သင့်မြတ်ရေးတို့လို ကြီးကျယ်လှတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒီအချက်က အတားအဆီး ပိုပြီးဖြစ်စေပါသလား။
ဖြေ ။ ။ ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာဘူးလေးရာဖရုံဆင့် ဆိုတာမျိုးလို့ပဲ ပြောပါရစေ။ ရှင် ပြောခဲ့တဲ့အတိုင်းကျွန်မရှင်းပြခဲ့သလို ကျွန်မတို့ရဲ့နိုင်ငံဟာ တင်းပြည့်ဒီမိုကရေစီလူ့ဘောင် မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီ အပြည့်အဝ မဆန်သေးတာကြောင့်ပါ။
လမ်းပြမြေပုံတစ်ရပ်
မေး ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့မှာ ခိုင်မာတဲ့တိုးတက်မှုတွေကိုကျွန်မတို့ မတွေ့မြင်ရသေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ရည်မှန်းချက် ပေါက်မြောက်စေဖို့ လမ်းပြမြေပုံတစ်ရပ်ရပ် ရှိပါသလား။
ဖြေ ။ ။ ကျွန်မတို့အနေနဲ့ လမ်းပြမြေပုံတစ်ရပ် သေချာပေါက် ရှိပါတယ်။ပြည်သူကိုတော့ ချမပြပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ပြောချင်တာကတော့ ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီးလွှတ်တော်မှာ အချေအတင်ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းမှတစ်ဆင့် တရားဥပဒေမူဘောင် အတွင်းကနေ ပြင်ဆင်ချက်လုပ်နိုင်ဖို့ ကျွန်မတို့ လိုလားတယ်ဆိုတာ သိသာထင်ရှားစွာ ပြသခဲ့ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံမှာ ဒီမိုကရေစီယန္တရား လည်ပတ်ရေးအတွက် ခိုင်မာတောင့်တင်းတဲ့ အခြေခံမူတွေ ချမှတ်နိုင်ဖို့ ကျွန်မတို့လိုလားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေအနေကို တည်ငြိမ်အေးချမ်းအောင်ဒါမှမဟုတ် အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရာမှာ တပ်မတော်ရဲ့ ဩဇာကြောင့် ထိ်န်းကျောင်းဖို့ ရံဖန်ရံခါ အခက်အခဲ တွေ့ရပါသလား။
ဖြေ ။ ။ ရှင် ဆိုလိုချင်တာကို ကျွန်မ နားမလည်ဘူး။ ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေသမျှ အပေါ် တပ်မတော်ရဲ့ အင်အားကြောင့် တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိတယ်လို့တော့ ကျွန်မ မထင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရအဖွဲ့ဟာ စစ်ဆင်ရေးလုပ်ငန်းတွေလုပ်ဖို့ ညွှန်ကြားခွင့် မရှိဘူး ဆိုတာကို ကျွန်မလည်းသိတယ်၊ ရှင်သိမယ်လို့လည်းထင်တယ်။ အဲဒါကြောင့် တင်းပြည့်ဒီမိုကရေစီ အစိုးရအဖွဲ့တစ်ရပ်ကျင့်သုံးနိုင်တဲ့ အလုံးစုံထိန်းချုပ်မှုမျိုး ကျွန်မတို့မှာ မရှိပါဘူး။
တရားစီရင်ရေးအပိုင်း
မေး။ ။ မကြာသေးမီက ရခိုင်ပြည်နယ်အရေး သတင်းရယူနေတုန်းရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံခဲ့ကြရပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ လျော်ကန်မှု မရှိဘူးဆိုပြီး မြန်မာနိုင်ငံကို ဝေဖန်ကြပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး သတင်းယူဖို့လုပ်ဆောင်နေချိန်မှာ သတင်းထောက်တွေ အဖမ်းခံခဲ့ရပါတယ်။ ဒီဝေဖန်ချက် တွေနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန် ပြောချင်ပါသလဲ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နိုင်ငံတကာ အသိုက် အဝန်းက ယုံကြည်ယူဆတဲ့ ဒီမိုကရေစီနဲ့ ကွဲပြားခြားနားနေပါသလား။
ဖြေ ။ ။ ရခိုင်အရေးသတင်းယူမှုအတွက် သူတို့အဖမ်းခံခဲ့ကြရတာ မဟုတ်ပါဘူး။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို သူတို့ချိုးဖောက်ခဲ့တာကြောင့်အဖမ်းခံခဲ့ကြရတာပါ။ ဘယ်သူမဆို တရားရုံးတော်ရဲ့ ကြားနာ စစ်ဆေးမှုတွေကို လွတ်လပ်စွာ ရယူနိုင်တယ်ဆိုတာ ရှင်သိလိမ့်မယ်လို့ ကျွန်မထင်တယ်။ ဒါတွေအားလုံးဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သွားနေတာပါ။ NHK သတင်းထောက်အနေနဲ့ တရားရုံးတော် ကြားနာစစ်ဆေးမှု တွေကိုပုံမှန်တက်ရောက် သတင်းရယူနေတယ်မဟုတ်ဘူးလား။ တရားဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းများအတိုင်း တရားဥပဒေစိုးမိုးရေးနဲ့အညီ လုပ်ဆောင်နိုင်တဲ့အတိုင်း ကျွန်မတို့ လုပ်ဆောင်ရမှာ ကတော့အရေးကြီးလှပါတယ်။ သူတို့ဟာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် အဖမ်းခံခဲ့ကြရတယ်။ သူတို့ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာကို လောလောဆယ် ကျွန်မတို့ မပြောနိုင်ပါဘူး။ အဲဒါကတော့ တရားစီရင်ရေး အပိုင်း ပဲဖြစ်ပါတယ်။ တရားစီရင်ရေးအပိုင်းကပဲ ဆုံးဖြတ်ရမှာပါ။ ရခိုင်အရေးသတင်းရရှိဖို့ လုပ်ဆောင်နေတာကြောင့် သူတို့ အဖမ်းခံရတာ မဟုတ်ပါဘူး။
မေး ။ ။ ဒီကိစ္စသတင်းရရှိဖို့ လုပ်ဆောင်နေတာကြောင့် အဖမ်းခံရတာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့သတင်းယူနေတုန်း ...။
ဖြေ ။ ။ အခြားကိစ္စတွေလည်း ပါပါတယ်။ တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမှုတွေအတိုင်း ရှင်စောင့်ကြည့်ခဲ့မယ် ဆိုရင်၊ ကျွန်မထင်တယ်နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုနဲ့ ပတ်သက်နေတဲ့ တခြားကိစ္စရပ်တွေနဲ့ ပတ်သက်နေတယ် ဆိုတာကို ရှင်နားလည်ပါလိမ့်မယ်။
မေး။ ။ အဲဒီသတင်းထောက် နှစ်ဦးကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာအမျိုးမျိုးသော အဖွဲ့အစည်းတွေက တောင်းဆိုနေပါ နိုင်ငံတကာအသိုက်အဝန်းရဲ့ အသံတွေကို ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်မပြောခဲ့တဲ့အတိုင်း လုပ်ထုံးလုပ်နည်းနဲ့အညီ သွားနေပြီးမည်သူမဆို တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမှုတွေကို လွတ်လပ်စွာရယူနိုင်မှာဖြစ်လို့ တရားမျှတမှု ရှိ၊ မရှိ၊ တရားဥပဒေစိုးမိုးရေးနဲ့ ညီ၊ မညီစောင့်ကြည့်ရပါလိမ့်မယ်။
မေး။ ။မြန်မာ-ဂျပန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာဖို့၊ အထူးသဖြင့်စီးပွားရေးဆက်ဆံမှု ကောင်းမွန်လာဖို့အတွက် ဂျပန်နိုင်ငံအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမျိုး ကနေရပ်တည် သင့်တယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ဂျပန်နိုင်ငံအနေနဲ့ နားလည်မှုရှိပြီး ထာဝရမိတ်ဆွေ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်မယ့် အခန်းကဏ္ဍမျိုးကို ကျွန်မတို့ မျှော်လင့်ပါတယ်။
မေး။ ။ဂျပန်ကုမ္ပဏီအများအပြားဟာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ဆန္ဒရှိနေကြပြီး မြန်မာ့စီးပွားရေးမှာ ပါဝင် လှုပ်ရှားချင်ကြပါတယ်။ ဒါပေမယ့် အထူးသဖြင့်လျှပ်စစ်ဓာတ်အားလိုမျိုး အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်လို့ ဂျပန်ကုမ္ပဏီတွေ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒီကုမ္ပဏီတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ရပ် မျိုးကို ကျွန်မတို့ မျှော်လင့် နိုင်ပါ့မလား။
ဖြေ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ကျွန်မတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို သူတို့လေ့လာသင့်တယ်။သိသာသော တိုးတက်မှုတွေ ကျွန်မတို့ လုပ်ဆောင်နိုင် ခဲ့တယ် ဆိုတာကိုသူတို့တွေ့မြင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တာကာလမှာ ကျွန်မတို့ရဲ့ စီးပွားရေး လိုအပ်ချက် တွေထက် နိုင်ငံရေးလိုအပ်ချက်တွေအပေါ် ကျွန်မတို့ ပိုမိုအာရုံစိုက် ခဲ့ကြတယ် ဆိုတဲ့အချက်ကို ရှင်သိစေချင်ပါတယ်။
ဆိုလိုတာကတော့ စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းစေဖို့ဆိုတဲ့ အကြောင်းပြချက်တွေထက် နိုင်ငံရေးလိုအပ်ချက်နဲ့အညီ မြန်မာနိုင်ငံရဲ့ဒေသတွေမှာ လမ်းတွေဖောက်ပေးဖို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့ဆိုတာကို ဦးစားပေးလုပ်ငန်းအဖြစ် ကျွန်မတို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်အခုအချိန်ထိ ပထမဦးစားပေးလုပ်ငန်းကို ကျွန်မတို့လိုသလောက်လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်လို့ ယခုအခါမှာ စီးပွားရေးအရ အကျိုးကျေးဇူး ပိုမိုရရှိနိုင်တဲ့ကဏ္ဍတွေကို ကျွန်မတို့ အာရုံစိုက်နေပါတယ်။
မေး။ ။ မြန်မာနဲ့ ဂျပန်နိုင်ငံတို့ စီးပွားရေး ဆက်ဆံမှုဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ပံ့ပိုး လိမ့်မယ် လို့ ယုံကြည်ယူဆပါသလား။
ဖြေ။ ။ ဒါကတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက်သာမက ဂျပန်နိုင်ငံရဲ့ အနာဂတ်အတွက်လည်း ပံ့ပိုးပါလိမ့်မယ်။
မေး။ ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်ရော။
ဖြေ။ ။ နည်းမှန်လမ်းမှန် လုပ်ဆောင်ကြမယ်ဆိုရင် နှစ်နိုင်ငံစလုံးရဲ့အနာဂတ်အတွက် ပံ့ပိုးမှု ဖြစ်လာမှာပေါ့။ ကျွန်မပြောခဲ့တဲ့အတိုင်း ကျွန်မတို့မျှမျှတတဖြစ်သင့်တယ်။ ကျွန်မတို့ နှစ်နိုင်ငံဟာ တစ်နိုင်ငံစီရဲ့ လိုအပ်ချက်တွေ နဲ့အကျိုးစီးပွားတွေကို နှစ်ဦးနှစ်ဖက် ကြည့်ရမှာပါ။ ကိုယ့်နိုင်ငံအတွက်ပဲ တစ်ဖက်သတ် ကြည့်လို့တော့မရဘူး။ ။