နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) အတွက် ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) အတွက် ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ရုံးအမှတ် (၄၁) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ရခိုင်ပြည်နယ်တွင် ရှိနေသည့် အိမ်ထောင်စု (၁၅၀၀၀)ကျော်အတွက် ဆောင်းတွင်းကာလတွင် အမှန်တစ်ကယ် လိုအပ်သည့်နေရာများ၏ စာရင်းကိုတောင်းခံ၍ စောင်များကို လှူဒါန်းရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ လှူဒါန်းသည့်အခါတွင် မည်သို့လှူဒါန်းပါက အထိရောက်ဆုံး ဖြစ်မည်နှင့် အောက်ခြေအထိ သက်ဆိုင်ရာပုဂ္ဂိုလ်များ လက်ထဲအထိရောက်အောင် အကောင်းဆုံး မည်သို့ လှူဒါန်း၍ရမည်ကို စဉ်းစားသည့် အခါတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လှူဒါန်းခြင်းသည် အထိရောက်ဆုံးဖြစ်မည်ဟု ယူဆ၍ ယခုကဲ့သို့ လှူဒါန်းရခြင်း ဖြစ်ပါကြောင်း။
တနည်းအားဖြင့်ဆိုရပါက ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသူများ အားလုံး နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တတ်နိုင်သည့်နေရာမှ ပံ့ပိုးကူညီချင်သည့် ဆန္ဒကို ထုတ်ဖော်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သိရှိရသည်မှာ ယခုအချိန်တွင် ဆောင်းရာသီ၏ အအေးဒဏ်ကိုကာကွယ်ရန် အနွေးထည်များနှင့်စောင်များ လိုအပ်သည်ဟု ပြောသည့်အတွက် လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့၏ လှူဒါန်းငွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးမည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သူ က ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများမှ ရခိုင် Community နှင့် မွတ်ဆလင် Community IDP စခန်းများတွင်ရှိသည့် အသိုက်အဝန်း ၂ ခုစလုံးမှ မိသားစုပေါင်း (၁၅၈၁၂)စုအတွက် ထောက်ပံ့ လှူဒါန်းငွေစုစုပေါင်း (သိန်းခြောက်ရာနှင့် ရှစ်သောင်း ငါးထောင့်ခြောက်ရာကျပ်)ကို ဆောင်းရာသီဖြစ်သည့်အတွက် လိုအပ်နေသည့် ခြုံစောင်များ ဝယ်ယူပြီး ထောက်ပံ့ပေးသွားမည့် အစီအစဉ်တွင် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ဆက်လက်ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး (Social Cohesion) လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေရှည်တည်တံ့သော တည်ငြိမ်အေးချမ်းရေးကို ရရှိစေရန်နှင့် မတူကွဲပြားသော အသိုက်အဝန်းများကြား ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် ရည်ရွယ်၍ မောင်တောမြို့နယ်ကို လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး စံပြမြို့နယ်စီမံကိန်း အဖြစ် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသား သဟဇာတဖြစ်မှု ဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony-CDNH)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လုပ်ငန်း (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ယခုကဲ့သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ရခိုင်ပြည်နယ်တွင် ရှိသည့် IDP စခန်းများနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသည့် IDP စခန်းများ အတွက် လိုအပ်နေသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းပေးမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) အတွက် ထောက်ပံ့လှူဒါန်းငွေကျပ် သိန်း ၆၀၀၈၅၆၀၀ ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လက်ခံရယူသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးမင်းလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။