မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်း

နေပြည်တော် ဇန်နဝါရီ ၁၂

န်ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရော့ခိုနိုတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံ ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

 

နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “ဒီနေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ဒေသတွင်း ဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အင်မတန်အကျိုးကျေးဇူးရှိတဲ့ အမြင်ချင်းဖလှယ်မှုကို ဆောင်ရွက် နိုင်ခဲ့ပါတယ်။

 

“ကျွန်တော်က မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝအဆင့်မြှင့်တင်ရေးကို လက်တွေ့ခံစားနိုင်စေဖို့ ရည်ရွယ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုအစီအစဉ်ကို ဒီနေ့ပြောကြားခဲ့ပါတယ်၊ ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်နဲ့ တောင်ငူအကြား သုံးနာရီခွဲနဲ့ သွားရောက်နိုင်ဖို့ ရထားလမ်းအဆင့် မြှင့်တင်မှုကို အပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ၂၀၂၃ ခုနှစ်မှာတော့ ရန်ကုန်နဲ့ မန္တလေးအကြား သွားဖို့အချိန် ရှစ်နာရီနဲ့ သွားရောက်နိုင်ဖို့ ဆောင်ရွက်ပေးမှာမို့ ပြည်သူပြည်သားတွေ သွားလာရေးနဲ့ ကုန်သွယ်ရေးမှာ ပိုပြီးတော့ ချောမွေ့မြန်ဆန်သွားမှာ ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတိုးချဲ့ဖို့၊ ပြည်တွင်းပြည်ပ မီဒီယာတွေ သွားလာခွင့်ပိုပြီးတော့ ရရှိဖို့၊ လုံခြုံပြီး ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာနိုင်ဖို့၊ ပြန်လည် နေရာချထားရေးလုပ်နိုင်ဖို့နဲ့ မစ္စတာ ကိုဖီအာနန် အကြံပေးချက်ကို အကောင် အထည်ဖော်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

 

 “အခုအချိန်မှာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့၊ ပြန်လည်နေရာချထားနိုင်ဖို့ ကူညီထောက်ပံ့မှုအနေနဲ့ မြန်မာအစိုးရကို ဒုက္ခသည်တွေ နေထိုင်ဖို့ လိုအပ်တဲ့ ဒေါ်လာသုံးသန်း တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ နောက်တစ်ခုက နိုင်ငံတကာအဖွဲ့အစည်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကောင်းမွန်စေဖို့အတွက် အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အသက်မွေးဝမ်းကျောင်း ပညာပေးရေး အပါအဝင် ဒေါ်လာသန်း ၂၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့မှုကို ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်၊ ဒါက ဂျပန်လွှတ်တော်ရဲ့ သဘောတူညီချက်ကိုရမှ တရားဝင်ပြောနိုင်မှာဖြစ်ပါတယ်။

 

“ဒီလိုပဲ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်ကို တတ်နိုင်သလောက် ကူညီထောက်ပံ့ သွားဖို့ရှိပါတယ်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဒေသတွင်း ဆက်သွယ်ရေး Connectivity  ကို ပိုပြီးတော့ခိုင်မာစေရေး ပိုပြီးဆောင်ရွက် သွားဖို့၊ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ အတည်ပြုခဲ့ပါတယ်၊ ဒီနှစ် ဂျပန်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ဖို့ ကျွန်တော်တို့

ဆွေးနွေးခဲ့ပါတယ်၊ ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်ပြီးတော့ မိတ်ရင်းဆွေရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီးအဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာတွင် “နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ကြိုဆိုနိုင်တဲ့အတွက် အများကြီး ဝမ်းသာပါတယ်၊ ကျွန်မတို့ရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ နွေးထွေးစွာ ကြိုဆိုပါတယ်၊ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အမြဲပဲ နွေးထွေးခဲ့ပါတယ်၊ ကျွန်မတို့ လိုအပ်တဲ့အချိန်မှာလည်း ဂျပန်နိုင်ငံဟာ အကူအညီတွေ အမြဲပဲပေးလေ့ ရှိပါတယ်။ ဒီနေ့လည်း ဝန်ကြီးနဲ့ တွေ့တဲ့အခါမှာ ကျွန်မတို့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကို ဘယ်လို ထောက်ပံ့မယ်ဆိုတာတွေကိုလည်း အများကြီးဆွေးနွေးခဲ့ပါတယ်၊ ကျွန်မတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန်နဲ့ ပြီးမြောက်စေဖို့၊ ပိုပြီးတော့ တိုးတက်စေဖို့လည်း ဆွေးနွေးခဲ့ပါတယ်၊ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ဖို့အတွက်ရယ်၊ နောက်ပြီးတော့ ဒုက္ခသည်တွေ ပြန်လာရင် သေသေချာချာ ကောင်းကောင်းမွန်မွန် လက်ခံနိုင်ဖို့ ကိစ္စတွေကို ဂျပန်နိုင်ငံ ကနေ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာတွေကိုလည်း ကျွန်မတို့ ဆွေးနွေးခဲ့ ပါတယ်။

 

“ရေတိုလိုအပ်ချက်တွေသာ မကဘူး၊ ရေရှည်လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးဖို့ ဂျပန်နိုင်ငံအနေနဲ့ စေတနာရှိတဲ့အတွက် ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အချိန်ယူရတယ် ဆိုတာ ကျွန်မတို့အားလုံးသဘောပေါက်ပါတယ်၊ သို့သော်ငြားလည်း ကျွန်မတို့အနေနဲ့ အမြန်ဆုံး ဖြစ်မြောက်စေချင်တဲ့ဆန္ဒကို ဂျပန်နိုင်ငံကနေပြီးတော့ နားလည်မှု ပေးပြီးတော့ ပံ့ပိုးမှုပေးတဲ့ ဟာကိုလည်း တန်ဖိုးထားပါတယ်၊ ကျွန်မတို့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ ဝန်ကြီး ခိုနို အနေနဲ့ အားလုံးပြောပြီးပြီဆိုတော့ ကျွန်မအနေနဲ့ ထပ်ပြီးပြောစရာမရှိတော့ပါဘူး၊ ကျွန်မဖြည့်စွက်ပြီး ပြောချင်တာ ကတော့ ကျွန်မတို့နဲ့ ဂျပန်နိုင်ငံဟာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ တူတူညီညီ ရှိခဲ့တာကြောင့်မို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတယ်၊ ဒီလို နားလည်မှုအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ နှစ်နိုင်ငံရဲ့ မိတ်ဆွေအရင်းအချာအဖြစ်နဲ့ ရပ်တည်ရေးဟာ ပိုမို၍ အရှိန်အဟုန်ရသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ ဒါကြောင့်မိုလို့လည်း မကြာခဏ ဆက်ပြီးတော့လည်းတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။

 

“နိဂုံးချုပ်အနေနဲ့တော့ ဝန်ကြီးနဲ့ ဝန်ကြီးရဲ့အဖွဲ့ ရခိုင်ပြည်နယ်သွားမယ့် ခရီးဟာ အားလုံးပြေပြစ်မယ်၊ ချောမွေ့မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီအတွက်လည်း ကျွန်မတို့အားလုံး တတ်နိုင်သမျှ သေသေချာချာ စီစဉ်ဆောင်ရွက်ထားပါတယ်”ဟု ပြောကြားသည်။

 

ထို့နောက် သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားရာတွင် “ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆိုတာက ရခိုင်ပြည်နယ်မှာနေတဲ့ လူတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့အတွက် အင်မတန်အရေးကြီးတယ်လို့ ယူဆပါတယ်။

 

“မစ္စတာ ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်အရ ပညာရေး၊ ကျန်းမာရေးကဏ္ဍအပါအဝင် ဒေသခံတွေရဲ့ လူနေမှုဘ၀ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်ဖို့ဆိုတာက ဦးစားပေးပြီးတော့ လုပ်သင့်တယ်လို့ ထင်ပါတယ်။

 

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ UEHRD ဖွဲ့စည်းပြီးတော့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းကို စတင်နေပြီလို့ ပြောပါတယ်၊ ဂျပန်နိုင်ငံက အရေးပေါ်ကူညီ ထောက်ပံ့မှုတွေ သာမကဘဲ ကာလရှည်အတွက် နေထိုင်မှုဘ၀ အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ကားလမ်းခင်းဖို့ အပါအဝင် လျှပ်စစ်မီးဖြန့်ဖြူးရေးလိုင်းကို တည်ဆောက်လို့ ရပါမယ်၊ ဒီလို လုပ်ငန်းစဉ် များကို တည်ဆောက်ဖို့ ဆုံးဖြတ်ပေးတာဖြစ်ပါတယ်၊ ဒါကို သေသေချာချာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

 “အစိုးရသာမကဘဲ ဂျပန်နိုင်ငံက NGO အဖွဲ့တွေကလည်း ရခိုင်ပြည်နယ်ထဲမှာ ကျောင်းဆောင် ၁၀၀ တည်ဆောက်မှုကို ဆောင်ရွက်နေပါတယ်၊ အဲဒီထဲက တချို့ကျောင်းမှာတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေက အတူတူ လေ့လာနေတာရှိပါတယ်၊ ဒီလို ကျောင်းတွေပြန်ဖွင့်ပြီးတော့ ဆောင်ရွက်ခြင်း တွေကို တိုးချဲ့စေနိုင်ဖို့ ပြင်းပြစွာ ဆုတောင်းနေပါတယ်။

 

“နောက်တစ်ခု ပုဂ္ဂလိကကုမ္ပဏီတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး တာဝါတိုင် ၂၈ ခုကို တည်ဆောက်ထားတဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးအခြေအနေတွေက ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ယူဆပါတယ်။

 

“ဂျပန်နိုင်ငံအနေနဲ့ ယခု ရခိုင်ပြည်နယ်မှာ ပြဿနာရဲ့ရင်းမြစ်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့က တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဖြေကြားသည်။

 

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် အကူအညီပေးနေမှုများနှင့် ပတ်သက်သည့် မေးခွန်းကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားရာတွင် “ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအမြစ်တွယ်စေတဲ့ ငြိမ်းချမ်းရေးနှင့် ပြည်သူ ပြည်သားတွေ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ငါးနှစ်တာကာလမှာ ဂျပန်ယန်း ဘီလီယံ ၈၀၀ ကူညီထောက်ပံ့မှုကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပြီး ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့မူဝါဒကို ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ချမှတ်ခဲ့ပါတယ်။

 

“အခုနောက်ပိုင်းမှာ အထူးသဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးတွေ အမြန်ကောင်းမွန်စေဖို့၊ ရန်ကုန်-မန္တလေး ရထားလိုင်းတွေမှာ အကူအညီတွေပေးအပ်ဖို့၊ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ လူနေမှုအဆင့်မြင့်မှုကို လက်တွေ့ခံစားနိုင်စေဖို့ ထောက်ပံ့မှုအစီအစဉ်တွေကို ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

 

“ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ်းလှမ်းထားတဲ့ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ မြန်မာအစိုးရအနေနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ပြီးတော့ ကူညီထောက်ပံ့မှု အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်၊ နှစ်ဦး နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ဖို့အတွက် လျှပ်စစ်မီးကဏ္ဍ အပါအဝင် ကျန်တဲ့ကဏ္ဍတွေမှာ လုပ်ထုံး လုပ်နည်းတွေ လျှော့ချပေးရေး ပိုပြီး ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဖြေကြားသည်။

 

မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက လူ့အခွင့်အရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဝေဖန် နေမှုများ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် မေးခွန်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားရာတွင် “ရခိုင်ပြည်နယ်ရဲ့ အခြေအနေက လူ့အခွင့်အရေးတွေရယ်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ လူ့အသိုင်းအဝိုင်းအကြား တင်းမာမှုတွေရှိတဲ့အတွက် အင်မတန် ရှုပ်ထွေးနက်နဲတဲ့ကိစ္စ ဖြစ်တယ်လို့လည်း နားလည်ထားပါတယ်။

 

“ဦးစားပေးရမယ့်ကိစ္စကတော့ လူ့အသိုင်းအဝိုင်းတွေရဲ့ကြားမှာ ပြန်လည်သင့်မြတ်မှုကို ဘယ်လို အကောင် အထည်ဖော်နိုင်မလဲဆိုတာ ဖြစ်ပါတယ်၊ ဒုက္ခသည်တွေပြန်လာဖို့ ကိစ္စကတော့ အထူးဂရုစိုက်ပြီး လူ့အသိုင်းအဝိုင်းအကြား ခွဲခြားဖို့မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းအကြား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော် ဖန်တီးနိုင်ရေး ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

 

“ဂျပန်နိုင်ငံအနေနဲ့ ဒီလိုမျိုး ထင်မြင်ယူဆချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရကို ကူညီဆောင်ရွက်ဖို့ တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားနိုင်ရေးအတွက် ကူညီထောက်ပံ့ရေး၊ ရခိုင်ပြည်နယ် မှာရှိတဲ့ လူမှုအသိုင်းအဝိုင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကောင်းမွန်စေဖို့အတွက် ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

“ဒီလိုလုပ်တဲ့အခါမှာ ဂျပန်နိုင်ငံအနေနဲ့ ပိုပြီး အကူအညီပေးအပ်နိုင်တဲ့ ကဏ္ဍရှိတယ်ဆိုရင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာ ကျွန်တော်တို့ ရှာဖွေသုံးသပ်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူ့အသိုင်းအဝိုင်းတွေ အားလုံးရဲ့ကြားမှာ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အကောင်အထည်ဖော်နိုင်အောင် ပြင်းပြစွာမျှော်လင့်ပါတယ်”ဟု ဖြေကြားသည်။

 

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန်နေမှုများ၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အင်းဒင်ကျေးရွာ၌ ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့်ကိစ္စ၊ ဒုက္ခသည်များပြန်လာရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေကြားရာတွင် “ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အင်မတန်မှ အလေးထား၊ စိတ်ဝင်စားနေတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ လုပ်ရတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်၊ ကျွန်မတို့ နိုင်ငံရဲ့ကိစ္စကို ကြည့်တဲ့အခါ ရခိုင်ပြည်နယ် တစ်ခုတည်းကိုကွက်ပြီး  ကြည့်လို့မရပါဘူး၊ ရခိုင်ပြည်နယ်ဆိုတာဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဟာ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ပြဿနာတွေတင်မကဘဲ ကျွန်မတို့ရဲ့ ရေရှည်ပန်းတိုင်ကိုလည်း မျက်ခြည်ပြတ်လို့ မဖြစ်ပါဘူး၊ ဒါကြောင့်မို့ စောစောတုန်းက ဝန်ကြီး ခိုနိုပြောသွားတဲ့အတိုင်းပါပဲ၊ အဓိကအရေးကြီးတာက ရေရှည်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံးကြားထဲမှာ သင့်မြတ်မှုရှိဖို့၊ ခင်မင်မှုရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ပါ၊ အဲဒါကို ကျွန်မတို့ အလေးထားပြီး လုပ်ရမှာဖြစ်ပါတယ်၊ ပြီးတော့ ဝေဖန်မှုတွေကတော့ ရှိမှာပဲ၊ ဝေဖန်နေတာက အပြုသဘောဆောင်တဲ့ ဝေဖန်မှုလည်းရှိတယ်၊ အပြုသဘော မဆောင်တဲ့ ဝေဖန်မှုလည်း ရှိတယ်၊ ဒါတွေကို ကျွန်မတို့က သေသေချာချာ လေ့လာပြီးတော့ ကျွန်မတို့အနေနဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ၊ နောက်ဆုံး ဆုံးဖြတ်ချက်တွေရဲ့ အဓိကရလဒ်ကို ခံစားရမှာက ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေပဲ ဖြစ်ပါတယ်၊ နောက် အင်းဒင်ရွာကိစ္စပေါ့၊ အင်းဒင်ရွာကိစ္စမှာ သတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်၊ သတ်ဖြတ်မှုတွေဖြစ်ခဲ့လို့ အခုတပ်မတော်ကနေပြီးတော့ စိစစ်ပြီးတော့ အရေးယူမယ်ဆိုတာ ကျွန်မတို့ရဲ့ နိုင်ငံအတွက်က ခြေလှမ်းအသစ် တစ်ခုကို ရှေ့လှမ်းတာ လို့ပဲ ဒီလိုပဲမြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးကျရင် နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်နိုင်ငံ အတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ကိုယ့်ဘာသာတာဝန်ယူရမှာ ဖြစ်ပါတယ်၊ အဲဒီတော့ ဒီဟာက ကိုယ့်ဟာကိုယ် တာဝန်ယူတဲ့ နေရာမှာ၊ တာဝန်ယူတဲ့ လမ်းကြောင်းပေါ်မှာ စပြီးလှမ်းတယ်ဆိုတာ အပေါင်းလက္ခဏာနဲ့ မြင်ဖို့ဖြစ်ပါတယ်၊ ဒါဟာလည်း ကြောက်သွားမလားဆိုတော့ ကြောက်တဲ့ လူတွေကလည်း ကြောက်သွားနိုင်ပါတယ်၊ ဒါပေမယ့် အခုဖြစ်တဲ့ ကိစ္စမဟုတ်ပါဘူး၊ အရင်တုန်းက ဖြစ်တဲ့ကိစ္စကို ပြန်ပြီးတော့ စုံစမ်းတာပါ၊ ဒါကြောင့်မို့လို့ ကျွန်မတို့က စုံစမ်းခြင်းအားဖြင့် နောင်ဒီလို ကိစ္စမျိုးတွေ မဖြစ်အောင်လို့ အဟန့်အတားတစ်ခုအနေနဲ့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်၊ ဒုက္ခသည်တွေ ကို ပြန်လည်ပြီးတော့ လက်ခံရေးနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးခိုနိုက အင်မတန်မှ ပြည့်ပြည့်စုံစုံ ပြောသွားပြီးပြီဖြစ်ပါတယ်၊ အားလုံးကို ပြင်ဆင်ပေးထားသင့်တဲ့ကိစ္စတွေကို ပြင်ဆင်မှာ ဖြစ်ပါတယ်”ဟု ဖြေကြားသည်။