ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၁၆)ကြိမ်မြောက် အော်စလိုဖိုရမ် တက်ရောက် နေပြည်တော် ဇွန် ၂၁ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နော်ဝေနိုင်ငံတွင်ကျင်းပသည့် (၁၆)ကြိမ်မြောက် အော်စလိုဖိုရမ်သို့တက်ရောက်ဆွေးနွေး ခဲ့သည်။ အဆိုပါဖိုရမ်သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ဆိုမာလီဝန်ကြီးချုပ်၊ ဥရောပလုံခြုံရေး နှင့် ပူးတွဲဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂနိုင်ငံရေးဌာန လက် ထောက်အတွင်းရေးမှူးချုပ်၊ အယ်လ်ဂျီးရီးယား၊ဂျော်ဒန်၊ အိုမန်နှင့် တန်ဇန်းနီးယား နိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည်“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးလမ်းကြောင်း” စကားဝိုင်းဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး နှင့် အတူ ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် အော်စလိုတွင် ရောက်ရှိနေစဉ် နော်ဝေနိုင်ငံခြားရေးဝန်ကြီး H.E. Ms. Eriksen Søreide ၊ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး H.E. Mr. Nikolai Astrup တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်အတွင်း လူမှု-စီးပွား တိုးတက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ဆွေးနွေးခဲ့ကာအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် Humanitarian Dialogue စင်တာ၏ အမှုဆောင် ဒါရိုက်တာ Dr. David Harland နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ ပူးတွဲကျင်းပ (၁၆)ကြိမ်မြောက် အော်စလိုဖိုရမ်ကို နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Humanitarian Dialogue စင်တာတို့က ဇွန် ၁၉ ရက်မှ ၂၀ ရက်အထိ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။