မြန်မာ-ဂျပန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် သြဂုတ် ၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမစ္စတာတာရိုခိုနိုတို့သည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ရှေးဦးစွာဂျပန်နိုင်ငံခြားရေးဝန်ကြီးမစ္စတာတာရိုခိုနို က“မြန်မာနိုင်ငံနေရာတော်တော်များမှာဖြစ်ပွားနေတဲ့ရေကြီးမှုနဲ့ပတ်သက်ပြီးဒုက္ခတွေခံစားနေရတဲ့ပြည်သူပြည်သားတွေကိုစာနာမိပါကြောင်းပြောကြားလိုပါတယ်။ ဂျပန်အစိုးရအနေနဲ့ ရေတိုင်ကီနဲ့ရွက်ဖျင်တဲတွေ ပေးအပ်ဖို့ ချဉ်းကပ်ခဲ့ပါတယ်။ နေထိုင်မှုဘဝတွေ အမြန်ဆုံးပြန်လည်ထူထောင် နိုင်ရေး အတွက် ဆုတောင်းအပ်ပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်းဒေသရေကြီးမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က မြန်မာပြည်သူ ပြည်သားတွေ အားလုံးကိုကိုယ်စားပြုပြီး နွေးထွေးစွာစာနာမိပါကြောင်းပြောကြား ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတွေ မူဝါဒတွေနဲ့ ပတ်သက်ပြီးထပ်မံအတည်ပြုခဲ့ပါတယ်။ အရင် ဇူလိုင်လခရီးစဉ်တုန်းက ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်မီးကဏ္ဍတွေမှာ မြန်မာ ပြည်သူတွေရဲ့ နေထိုင်မှုဘဝ အဆင့်မြှင့်တင်သွားဖို့ လက်တွေ့ခံစားနိုင်အောင် ကူညီ ထောက်ပံ့သွားမယ် ဆိုတာကတိပြုခဲ့ပါတယ်။ဂျပန်နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို သေသေချာချာဆောင်ရွက်နေပါတယ်။

ရခိုင်ပြည်နယ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အင်မတန် တန်ဖိုးရှိတဲ့အမြင်ချင်း ဖလှယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုဟာ မြန်မာနိ်ုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအောင်မြင်စေဖို့အတွက်အရေးကြီးတယ်လို့ ယူဆပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရရဲ့ အခုတလောဆောင်ရွက်ချက်ဖြစ်တဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမှု၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့MoU လက်မှတ်ရေးထိုးခဲ့တာကို တန်ဖိုးထားပါတယ်။ ဒီဆောင်ရွက်ချက်ကို အခြေခံပြီး မြန်မာအစိုးရ အနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ထံကယုံကြည်နိုင်မှုနဲ့ ပွင့်လင်း မြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်နိုင်ဖို့၊ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို တိုက်တွန်းသွားဖို့ ၊ ဒုက္ခသည်တွေကိုပြန်လည်နေရာချထားရေး နေရာဖန်တီးပေးဖို့၊ ပြည်တွင်းဒုက္ခသည်စခန်း IDP စခန်းတွေ ပိတ်သိမ်းဖို့ကိစ္စတွေနဲ့ပ တ်သက်လို့ ပိုမိုပြီးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ ဆက်လက်ပြီးဒီကိစ္စကိုဖြေရှင်းနိုင်ဖို့အတွက် မြန်မာပြည်သူ ပြည်သားတွေနဲ့ လက်တွဲပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူစဉ်းစားသုံးသပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နှစ်စဉ်လာရောက်တဲ့ခရီးသည် ဦးရေဟာ ၂ဝ၁၆ ခုနှစ်မှာတစ်သိန်းကျော်သွားပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၂ဝ၁၇ ခုနှစ်မှာနှစ်သောင်းကျော် သွားပြီဖြစ်ပါတယ်။ နှစ်နိုင်ငံပြည်သူသွားလာမှုတွေ ပိုပြီးများပြားလာတာတွေ့ရပါတယ်။

ဒီနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာမဲခေါင် - ဂျပန်ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပသွားဖို့ရှိပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေ၊ ပြည်သူပြည်သားတွေ ဆက်ဆံမှု တိုးပွားစေရေး၊ ကဏ္ဍာပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးဆောင်ရွက်ချက်တွေကိုဆွေးနွေးသွားဖို့ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲခေါင်- ဂျပန်ထိပ်သီး အစည်းအဝေးကိုတက်ရောက်ပြီးနှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အတွက်အခွင့်အလမ်း ကောင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ဂျပန်နိုင်ငံခြား ရေးဝန်ကြီး လာရောက်ခြင်းဟာ နှစ်နိုင်ငံရေရှည်ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်သူပြည်သားများရဲ့ ခင်မင်ရင်းနှီးမှုဟာပိုပြီးတော့ အဓိကကျတယ်ဆိုတာပြသခြင်းဖြစ်ပါတယ်။ အစိုးရ နှစ်ခုကြားမှာ အပြန်အလှန်နားလည်မှု အပြန်အလှန်လေးစားမှုရှိတဲ့အတိုင်း ပွင့်ပွင့် လင်းလင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခြင်းဟာ နှစ်နိုင်ငံစလုံး အတွက်အကျိုးဖြစ်မယ်လို့ထင်ပါတယ်။ ကျွန်မတို့နှစ်နိုင်ငံဟာ ဘဝတူတွေပဲ ဖြစ်တယ်လို့ လည်း ပြောလို့ ရပါတယ်။ အင်မတန်မှတူညီတဲ့အတွေ့အကြုံတွေ ကိုဖြတ်သန်းခဲ့ရပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောသွားတဲ့အတိုင်းမကြာခင်ကကျွန်မတို့နိုင်ငံမှာရေကြီးမှုတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ရေကြီးမှုတွေဖြစ်ပါတယ်။ ကျွန်မတို့ကဖွံ့ဖြိုးစနိုင်ငံ၊ ဂျပန်နိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် နှစ်နိုင်ငံစလုံးဟာ သဘာဝဘေး အန္တရာယ်တွေ၊ လူတို့နဲ့ပတ်သက်တဲ့ အန္တရာယ်တွေဆိုရင် ရင်ဆိုင်ရတာချင်း ဟာစိန်ခေါ်မှုအတူတူပဲလို့ဆိုတာကို ကျွန်မတို့တွေ့ရတဲ့အတွက်ပိုပြီးတော့ နီးစပ်မှုဖြစ်ရ ပါတယ်။ ကျွန်မတို့ရဲ့ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံကပေးတဲ့ အကူအညီ တွေ အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကတော့ စေတနာတွေပဲပေးနိုင်ပါတယ်ဆို ရင်လည်းစေတနာတွေအများကြီးပေးပါတယ်။

အခုအချိန်မှာဆိုရင် တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့ ရခိုင်အရေးကိုလည်းပွင့်ပွင့် လင်းလင်းဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာဂျပန်နိုင်ငံက မိတ်ဆွေ တစ်ယောက် အနေနဲ့ဘယ်လိုကူညီရမလဲ၊ ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီး အဓိကထား ချည်းကပ်တာမို့အင်မတန်မှ တန်ဖိုးထားပါတယ်။ အခုလတ်တလော အကြောင်း အရာတွေကို သာမကနောင်ဖြစ်လာနိုင်တဲ့ ကမ္ဘာကြီးရဲ့ပြဿနာတွေကိုလည်း ကျွန်မတို့နိုင်ငံနှစ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးအပြုသဘောဆောင်တဲ့ အကျိုးဆက် တွေ ပေါ်အောင်လုပ်နိုင်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။
အောက်တိုဘာလမှာဂျပန်နိုင်ငံကိုနောက်ထပ် သွားလည်ဖို့အခွင့်အရေးရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ အဲဒီအတွက် ဂျပန်နိုင်ငံကိုသွားလည်တဲ့အခါ နှစ်နိုင်ငံရဲ့ မိတ်ဆွေ ဖြစ်ရေးကို ထပ်ပြီးတော့ ခိုင်မာအောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟုပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးတိုးတက်အောင် လုပ်ဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာဆိုတာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ခြင်းပါ။ ဒီဟာကဒီအချိန်မှာနည်းနည်း တစ်ဖက်သတ် ဖြစ်နေတယ်လို့ မြင်ပါတယ်။ အမှန်ပြောရရင် ဂျပန်နိုင်ငံက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်မှာအများကြီးကူညီနိုင်ပါတယ်။ သို့သော်ငြားလည်းတစ်ချိန်တစ်ခါမှာ ကျွန်မတို့လည်းတုံ့ပြန်နိုင်မယ်လို့ ဒီလိုမျှော်လင့်ချက် အများကြီးရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာကတော့ ပြည်သူလူထုအချင်းချင်းကြားမှာပိုပြီးတော့ နားလည်မှုရှိဖို့၊ ပိုပြီးတော့ ခင်မင်မှုရှိဖို့ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသူ၊ နိုင်ငံသားတွေ အချင်းချင်းကြားမှာမိတ်ဆွေစစ်တွေ အင်မတန် များပြားပါတယ်။ ဒါတွေကိုပိုပြီးတော့ ခိုင်မာလာအောင် လူငယ်တွေအချင်းချင်း ပိုပြီးထိတွေ့မှုရှိအောင် ကြိုးစားချင်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောသွားတဲ့အထဲမှာ ဂျပန်နိုင်ငံကဧည့်သည်တွေ လာတာလည်းများလာတယ်၊ ကျွန်မတို့ဘက်ကလည်း ဂျပန်နိုင်ငံကို သွားတာများလာတယ်။ ဒါဟာနိုင်ငံနှစ်နိုင်ငံကြားမှာပိုပြီးတော့ ခိုင်မာတဲ့ မိတ်ဆွေစစ် ဖြစ်အောင်လို့ လုပ်ပေးနိုင်တဲ့ အနေအထားလို့ မျှော်လင့်ပါတယ်၊ ယုံကြည်ပါတယ်” ဟုဖြေကြားသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးသွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုဂျပန်နိုင်ငံကတတ်နိုင်သမျှ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေရာချထားဖို့အတွက် ဆောင်ရွက်တာကိုတိုက်တွန်းသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးနဲ့ ပြည်သူလူထုတွေရဲ့ နေထိုင်မှုဘဝအဆင့်မြှင့်တင်ရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဒေသအတွက် ရထားလမ်းတွေ၊ ကားလမ်းတွေ တည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ကျောင်းဆောက်လုပ်ရေးတွေအတွက် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဟာ မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရေးမှာအရေးကြီးတယ် လို့ ယူဆပါတယ်” ဟုဖြေကြားသည်။
နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိရောက်စွာဆောင်ရွက်သွားမည့်အခြေအနေနှင့် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှုအခြေအ နေနှင့် စပ်လျဉ်း၍နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “မေးခွန်း ကရေတိုကိစ္စတွေနဲ့ ရေရှည်ကိစ္စတွေ ဒီနှစ်ခုရောပြီးမေးသွားတာဖြစ်ပါတယ်။ ဒီဟာတွေအတွက် ဒေါက်တာ ကိုဖီအာနန်ရဲ့ အစီအရင်ခံစာကို ကြည့်လိုက်ရင် ဒီနှစ်ခုစလုံးကိုကိုင်တွယ် ထားတာပါ ပါတယ်။ ဥပမာဆိုရင် နိုင်ငံသားဖြစ်ရေးဆိုတာရေရှည်ကိစ္စပါ။ ဒေါက်တာ ကိုဖီအာနန် ကော်မရှင်ကအချက် ၈၈ ချက် အဆိုပြုထားပါတယ်။ အဲဒီအချက်တွေထဲက ၈ဝ ကျော်ပြီး သွားပါပြီ။ ၈၁ ချက် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်လို့ ပြီးသွားပါပြီ။ ကျန်တဲ့ ၆ ချက်၊ ၇ ချက်ကကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာက တည်းကတချို့ကိစ္စတွေက ရေရှည်ကိစ္စတွေမို့တစ်လှမ်းချင်း၊ တစ်လှမ်းချင်းလုပ်ရမယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဒီအတိုင်းပဲတစ်လှမ်းချင်းတစ်လှမ်းချင်းလုပ်ရမှာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဥပဒေဆိုတာလည်း တစ်လှမ်းချင်းတစ်လှမ်းချင်း လုပ်ရမယ့်ကိစ္စပါ။ အရင်ဒီပြဿနာတွေ မဖြစ်ခင် ကျွန်မတို့ အစိုးရတက်ပြီး ၂ဝ၁၆ ခုနှစ် မေလကတည်းက ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဗဟိုကော်မတီတစ်ခုဖွဲ့ပါတယ်။ အဲဒီကော်မတီဟာရခိုင်ပြည်နယ်ရဲ့ ရေရှည်ပြဿနာတွေ ဖြေရှင်းဖို့ လိုတယ်ဆိုတာသဘောပေါက်လို့ ဖွဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဗဟိုကော်မတီ ကနေပြီးအလုပ်မစတင်နိုင်ခင်ဘဲပထမဦးဆုံးအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီးတော့ တခြားကိစ္စတွေ ပေါ်လာတာဖြစ်ပါတယ်။ ကျွန်မတို့ဟာတစ်လှမ်းချင်း တစ်လှမ်းချင်း ပြဿာနာတွေ ဖြေရှင်းသွားရမှာပါ။ ခုနကသတင်းထောက် ပြောသွားတဲ့ အထဲမှာ နိုင်ငံအထဲမှာကိုအမြင်တွေ အမျိုးမျိုးရှိတယ်လို့ ပြောပါတယ်။ ဒါမှန်ပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ အမျိုးမျိုးသောအမြင်တွေကိုနားထောင်ရပါတယ်။ ပြင်ပက ပုဂ္ဂိုလ်တွေကတော့ ကိုယ်ကြိုက်တဲ့အမြင်၊ ကိုယ်စိတ်ဝင်စားတဲ့ အမြင်ကိုပဲ ကြည့်လို့ ရပါတယ်။ ပြည်တွင်းမှာရှိတဲ့ အစိုးရတစ်ခုဆိုတာကအမြင်အားလုံးကို စဉ်းစားရပါတယ်။
အမြင် အားလုံးကိုထည့်သွင်းပြီးတော့ အဲဒီဟာအားလုံးအပေါ်မှာဖြေရှင်းနိုင်တဲ့ အမြင် တစ်ခုကိုရှာရပါတယ်။ ကျွန်မတို့ အခုစုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့တော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကိုကျယ်ကျယ်ပြန့်ပြန့်ပေးထားမှာပါ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကလည်း အရည်အချင်းပြည့်စုံတယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဂျပန်နိုင်ငံရော၊ တခြားမိတ်ဆွေနိုင်ငံတွေကရောလိုအပ်လို့ရှိရင်တော့ နည်းပညာပိုင်းဆိုင်ရာ အထောက် အကူတွေ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုဖြေကြားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ သဘောထားအခြေအနေနှင့် စပ်လျဉ်း၍ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကိစ္စတွေကအင်မ တန်နက်နဲရှုပ်ထွေးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှု တွေသာမကဘဲ ပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အတွက်ပါ ကူညီ ဆောင်ရွက်ပေးသွားပါမယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမျိုးကိစ္စတွေအတွက် ခိုင်ခိုင်မာမာဆောင်ရွက်နေတဲ့ အခြေအနေမှာရှိပါတယ်။ ဒီလိုမျိုးဆောင်ရွက်မှုကပိုပြီးတော့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရ မယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ သို့သော်လည်း လူ့အသိုင်းအဝိုင်း နှစ်ခုအကြားပြေ လည်မှုရရှိဖို့ ကိစ္စအပါအဝင် ဆောင်ရွက်မှုတွေကခိုင်ခိုင်မာမာနဲ့ နှစ်ရှည်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
ဂျပန် အစိုးရအနေနဲ့ ခက်ခဲတဲ့ အခြေအနေကိစ္စတွေကိုဖြေရှင်းဆောင်ရွက်နေရတဲ့ မြန်မာအစိုးရနဲ့အတူကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှု တွေကိုဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဂျပန်နိုင်ငံကကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ကိစ္စတွေ၊ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီးဆောင်ရွက်ပေးဖို့ မြန်မာဘက်ကို တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီလိုမျိုးကိစ္စတွေကို မြန်မာအစိုးရတစ်ခုပြီး တစ်ခုဆောင်ရွက်နေတဲ့အတွက် ကျွန်တော်တို့ အစိုးရကတန်ဖိုးထားပါတယ်” ဟုဖြေကြားသည်။