မောင်တောမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူလေ့ကျင့်မှုပြုလုပ်

မောင်တော ဇွန် ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ် ကျရောက်ပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်းပါဝင်သောမုန်တိုင်းသဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်မှုကို ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်မှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အဆင့် သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီဝင်များက ကြီးကြပ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း၄၂၀ ခန့် ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

လေ့ကျင့်ရာတွင် မြို့နယ်အတွင်း မုန်တိုင်းကျရောက်ပါက လူ၊ တိရစ္ဆာန်များကို ဘေးလွတ်ရာ စုရပ်စခန်းသို့ စနစ်တကျ ပြောင်းရွှေ့တတ်စေရန်နှင့် သဘာ၀ဘေးကြောင့် လူ့အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အလျော့နည်းဆုံးဖြစ်စေရေးအတွက် သိရှိလိုက်နာရမည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်ပုံများကို သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။