ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦး တိုးချဲ့ခန့်ထားခြင်း

 

နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ်၊ ၅/၂၀၂၀ အရ ဦးမင်းလွင်အား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ဦးမင်းလွင်သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဒုတိယဝန်ကြီး၏ အလုပ်တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်ခဲ့ပါသည်။

ဦးမင်းလွင်သည် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှု မပြုခဲ့စဉ်က အာဆီယံ နိုင်ငံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုမတိုင်မီက ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ဦးမင်းလွင်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ တာဝန်ကို ထမ်းဆောင်ခဲ့စဉ် ဦးမင်းလွင်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးသို့ မြန်မာ့ ကမ်းလွန်ရေတိမ်ပိုင်း ရေမိုင် ၂၀၀ ထက် ကျော်လွန်သတ်မှတ်ရေး တင်ပြလွှာ တင်သွင်းခဲ့မှု တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ လက်ရှိ ဒုတိယဝန်ကြီး ဦးခင်မောင်တင်သည် ထမ်းဆောင်ဆဲ ပုံမှန်ရုံးလုပ်ငန်းတာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဒုတိယဝန်ကြီး ဦးမင်းလွင်သည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမှုသဟဇာတ ဖြစ်မှု စသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာ ကိစ္စရပ်များအပေါ် အာရုံစိုက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။