နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အုပ်ချုပ်ရေးမှူးများ အား တွေဆုံ

နေပြည်တော် ဩဂုတ် ၁၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးတင်မြင့်နှင့် ဦးလှမော်ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းနှင့်ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ နိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပန်းတိုင်ကို ဦးတည်နေ သည့် နိုင်ငံဖြစ်ပါကြောင်း၊ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတစ်ခု ထူထောင်ရန် အတွက် အခြေခံအားဖြင့် မတူကွဲပြားမှုများအပေါ် အခြေခံပြီး ညီညွတ်မှုကို ရယူနိုင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ မတူကွဲပြားမှုများအပေါ် အခြေခံပြီး ညီညွတ်မှုကို မယူနိုင်ခဲ့သည့် အတွက် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီး အချိန်အခါကစပြီး ပြည်တွင်းစစ်မီးများ တောက်လောင်ခဲ့ပါကြောင်း။

မတူကွဲပြားမှုဟု ပြောခြင်းသည် လူမျိုးရေးအရသာမက ဝိဝါဒအရ မတူကွဲပြားမှုများကို ပြောကြားလိုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် မတူကွဲပြားမှုအပေါ် အခြေခံပြီး ညီညွတ်မှု တည်ဆောက်ရန် မည်မျှအရေးကြီးသည်ကို အားလုံးက သဘော ပေါက်မည်ဟု ထင်ပါကြောင်း၊ ထိုသို့ သဘောပေါက်ရန် မိမိတို့ ကမ္ဘာကြီး၏ အခြေအနေ များကို လေ့လာရန် လိုအပ်ပါကြောင်း၊ အဓိကပြောချင်သည်မှာ တစ်ဦးနှင့်တစ်ဦး မတူ ကွဲပြားသည့် လက္ခဏာများအပေါ်တွင် အခြေခံသည့် နိုင်ငံရေးစနစ်များပေါ် ပေါက်နိုင်ပါကြောင်း၊ အဆိုပါနှစ်ခုကို မိမိတို့အနေဖြင့် ချိန်ခွင်လျှာညီမျှအောင် လုပ်ရမည်ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း အနေဖြင့် မိမိ၏ တခြားလူများနှင့်မတူသော ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားလိုသည်မှာ သဘာဝကျပါကြောင်း။

ထိုသို့ ထိန်းသိမ်းခြင်းဖြင့် ကွဲပြားမှုဖြစ်နေခြင်းသည် မိမိအတွက် လုံခြုံမှုမရှိဘူးဟူ သည့် အခြေခံအတွေးအခေါ်ကြောင့်ဖြစ်သည်ဟု မိမိအနေဖြင့် သုံးသပ်ပါကြောင်း၊ မိမိ သည် တခြားသူများနှင့် မတူပါက ၊ မိမိတွင် လုံခြုံမှုမရှိဘူးဟူသည့် စိတ်ထားဖြစ်လာပါက မိမိနှင့် မတူသည့်သူများကို ရန်ဖက်ဟု မြင်လာပါကြောင်း၊ မိမိ၏ လုံခြုံရေးကို အန္တရာယ် ပြုမည့်သူများဟု မြင်လာပါကြောင်း၊ ထိုသို့ မမြင်နိုင်ရန် မိမိတို့သည် အားလုံးကို နိုင်ငံ တစ်နိုင်ငံ၏ အခြေခံဥပဒေများ၊ အခြေခံ တန်ဖိုးထားမှုများကို လုံခြုံမှုပေးသည့်အဆင့် ရောက်အောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးစားရာတွင် နိုင်ငံတော်အစိုးရနှင့် အစိုးရဌာနအဆင့်ဆင့်ကလည်း ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်သူများ အနေဖြင့် တစ်ဦးချင်း၊ တစ်ဦးချင်း ကြိုးစားရမည်ဖြစ်ပါကြောင်း။

ယနေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုကြီးကို ထူထောင်ရန်အတွက် မည်သို့အထောက်အကူပြုနိုင်မည် ဆိုသည်ကို ဝိုင်းဝန်း စဉ်းစားပေးရန် ဖြစ်ပါကြောင်း၊ နေရာတိုင်း နေရာတိုင်း၊ လူအုပ်စု တိုင်း လူအုပ်စုတိုင်းသည် မိမိ၏ ထူးခြားသည့် ဝိသေသလက္ခဏာများကို ထိန်းသိမ်း ချင်ကြပါ ကြောင်း၊ ထိုသို့ ထိန်းသိမ်းမှုသည် ပြည်ထောင်စုဆိုသည့် အားလုံးကို လွှမ်းခြုံ ထားသော လုံခြုံသည့် ထီးရိပ်အောက်တွင် ပိုပြီးဖြစ်နိုင် မည်ဆိုသည့် စိတ်ဓာတ်များ မွေးမြူလာအောင် မိမိတို့ ပြုစုပျိုးထောင်ကူညီပေးနိုင်ပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုလမ်းစဉ်များ အပေါ် မိမိတို့ ကောင်းကောင်းရောက်သွားပြီဟု ပြောနိုင်မည် ဖြစ်ပါကြောင်း။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများသည် ပြည်နယ်နှင့်လည်း မတူပါကြောင်း၊ ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံရှိပါကြောင်း၊ ၎င်းမှာ မိမိတို့နိုင်ငံ၏ စိန်ခေါ်မှုတစ်ခုဟု ပြော၍ရပါကြောင်း၊ အင်အားတစ်ခုဟုလည်း ပြော၍ ရပါကြောင်း၊ မတူကွဲပြားမှုများကို အင်အားဖြစ်အောင် လုပ်၍ ရပါကြောင်း၊ ဥပမာ - အစုအဖွဲ့တစ်ခု တွင် ကိစ္စတစ်ခုကို ဖြေရှင်းဆောင်ရွက်ရာ၌ ကျွမ်းကျင်မှု အမျိုးမျိုး ရှိသည့်လူများနှင့် ပူးပေါင်းဖွဲ့စည်း ပြီး ဆောင်ရွက်ပါက ပြဿနာအမျိုးမျိုးကို ဖြေရှင်းနိုင်ပါကြောင်း။

ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် မတူကွဲပြားမှုများကို အင်အားဖြစ်အောင် ဆောင်ရွက်မည်ဆိုသည့် သံန္နိဋ္ဌာန်နှင့် အင်အားဖြစ်အောင် ဆောင်ရွက်ရမည့် နည်းလမ်းကို ရှာဖွေရ မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံလို အရွယ်အစားနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံသည့် နိုင်ငံမှာ ရှားပါကြောင်း၊ မိမိတို့အနေဖြင့် မတူကွဲပြားမှုများကို အင်အား ဖြစ်အောင် လုပ်ရမည်ဖြစ်ပါကြောင်း၊ အင်အားဖြစ်အောင် သာမက ညီညွတ်ရေး အတွက် တွန်းအားတစ်ခုဖြစ်အောင် မိမိတို့ လုပ်ရမည် ဖြစ်ပါကြောင်း၊ တစ်ယောက်တွင် မရှိသည့်အားများကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးမည် ဆိုသည့် ယုံကြည် မှုများပေါ်လာ အောင် မိမိတို့က ကြိုးစားရမည်ဖြစ်ပါကြောင်း။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများသည် မိမိတို့ဒေသ၏ အခြေ အနေများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသ၏ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် မည်မျှကြီးမား၍ မည်မျှခက်ခဲသည်ကိုလည်း သဘောပေါက်ကြ မည်ဟု မိမိ ယူဆပါကြောင်း၊ ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူခြင်းမှာ အဆိုပါ စိန်ခေါ်မှုများကို အတူရင်ဆိုင်ကျော်လွှား နိုင်ရန် ဖြစ်ကြောင်း၊ မိမိတို့၏ အန္တိမရည်ရွယ်ချက်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်ရာတွင် အတားအဆီး ပြဿနာဖြစ်နိုင်သော ကိစ္စများကို မိမိတို့ ဖြေရှင်းဖယ်ရှားရန်ဖြစ်ပါကြောင်း။

မိမိတို့အတွက် ယခုလောလောဆယ် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကြီး နှစ်ခုမှာ ကျန်းမာရေးအရ ကိုဗစ်-၁၉ ရောဂါကိစ္စနှင့် နိုင်ငံရေးအရ မကြာမီကာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စ နှစ်ခုစလုံးကို အောင်အောင်မြင်မြင် ရင်ဆိုင်ကျော်လွှားရန် ပြည်သူ ပြည်သားများအားလုံးပါဝင်မှုသည် မိမိတို့အတွက် နံပါတ် တစ်ဖြစ်ပါကြောင်း၊ “ပြည်သူသာလျှင် အဓိက” ဟု မိမိတို့ ထပ်တလဲလဲပြောပါကြောင်း၊ အဆိုပါ ပြည်သူများထဲတွင် ယခုအခန်းအတွင်းရှိ ထိုင် နေကြသူများလည်း ပါဝင်ပါကြောင်း၊ မိမိတို့အားလုံးသည် ပြည်သူပြည်သားများသာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းသည် အဓိကကျ သည်ကို မမေ့စေချင်ပါကြောင်း၊ ယခုကဲ့သို့ ပြည်သူပြည်သားတစ်ယောက်အနေဖြင့် အဓိကျသည့်နေရာတွင် နိုင်ငံ့၏တာဝန် များကို ထမ်းဆောင်နေသော ပုဂ္ဂိုလ်များအနေဖြင့် တာဝန်ရှိပါကြောင်း၊ ပိုပြီးကြီးလေး သည့် တာဝန်ရှိသည်ဟု မိမိက သဘောထား ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယခုပစ္စုပ္ပန်တွင် ရင်ဆိုင်နေသည့် စိန်ခေါ်မှုကြီးနှစ်ခုကို ရင်ဆိုင်သောနေရာတွင် အောင်အောင်မြင်မြင် ထိထိရောက်ရောက် ရင်ဆိုင်ကျော်လွှား သွားရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ ရင်ဆိုင်ကျော်လွှားသွားရန် လုပ်၍ ရမည်ဟု မိမိက ယုံကြည်ပါကြောင်း။

အလုပ်တစ်ခု အောင်မြင်ရန် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမည်ဖြစ် ကြောင်း၊ အလုပ်နှင့် ပြဿနာကို ဖြေရှင်းရင်ဆိုင်ကျော်လွှားနိုင်ရန် မိမိတွင် အရည်အချင်း ရှိသည်ဟု ယုံကြည်ရမည်ဖြစ်ကြောင်း၊ မိမိတစ်ယောက်တည်း၏ အရည်အချင်း မဟုတ် ဘဲ စုပေါင်းအရည်အချင်း ရှိသည်ကိုလည်း ယုံကြည်ရန် လိုအပ်ပါကြောင်း၊ မိမိတို့တွင် စုပေါင်းအင်အားရှိသည် ဝန်းရံပေးမည့် အင်အားများရှိသည်ဟု ယုံကြည်မှုရှိပြီဆိုပါက မိမိတို့သည် အောင်မြင်မှုလမ်းပွင့်သွားပြီဟု ယူဆ၍ ရပါကြောင်း။

ကိုဗစ်- ၁၉ နှင့်ပတ်သက်၍ မိမိပြောလိုပါကြောင်း၊ မိမိတို့ တစ်နိုင်ငံလုံးတွင် နိုင်ငံ့ ဝန်ထမ်းများ အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ အပင်ပန်းခံပြီး ပါဝင်ဆောင်ရွက်ရ ပါကြောင်း၊ ထိုဆောင်ရွက်မှုများသည် အဆိုပါကပ်ရောဂါကြီးကို တိုင်းပြည် တစ်တိုင်း ပြည်အနေဖြင့်သာမက ကမ္ဘာ့အဆင့်မီ ရင်ဆိုင်နိုင်ပြီဟု ဂုဏ်ယူနိုင်ပါကြောင်း၊ ပါဝင် ဆောင်ရွက်ပေးသည့်သူများကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် ကိုဗစ် - ၁၉ ကိစ္စက မပြီးသေးပါကြောင်း။ ယင်းပြဿနာ ဖြေရှင်းရန်မှာ မိမိတို့ နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပါ ကြောင်း၊ အဓိက ဆေးဝါး သုတေသနနှင့် ပတ်သက်သည့် ကိစ္စဖြစ်ပါကြောင်း၊ ကာကွယ်ဆေးမပေါ်မချင်း ၎င်းပြဿနာကို မိမိတို့ ကျော်လွှား၍ရပြီဟု မသတ်မှတ်နိုင်ပါ ကြောင်း၊ ကာကွယ်ဆေးကို ထုတ်နိုင်သည့် နိုင်ငံမှာ မိမိတို့နိုင်ငံ မဟုတ်ခြင်းသည် အားငယ် စရာ မဟုတ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထုတ်နိုင်ရန် အားလုံးကဝိုင်းပြီး ကြိုးပမ်းနေကြပါ ကြောင်း၊ လူတိုင်းလူတိုင်းကြိုးပမ်းနေခြင်း သည် မိမိတို့ နိုင်ငံ တစ်နိုင်ငံအတွက် သာမက တစ်ကမ္ဘာလုံးအတွက် ကြိုးပမ်းနေခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးမပေါ်ခင်ကာလအတွင်း မိမိတို့အနေဖြင့် စည်းမျဉ်း စည်းကမ်းများကို ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း။

မိမိတို့ ပြည်သူများ မပေါ့ဆအောင် သက်ဆိုင်ရာဌာနများနှင့် အစိုးရဝန်ထမ်းများက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင် ရန် အခြေခံအားဖြင့် တရားမျှတမှုနှင့် လွတ်လပ်မှုရှိရမည်ဖြစ် ကြောင်း၊ လွတ်လပ်မှုရှိရန်မှာ ပထမဦးဆုံး မဲပေးပိုင်ခွင့်ရှိသော ပြည်သူ ပြည်သားအားလုံး မဲပေးပိုင်ခွင့်ရရှိအောင် လုပ်ပေးရမည်ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေး ခြင်းသည် တရားမျှတမှုရှိရမည်ဖြစ်ကြောင်း။

မဲပေးပိုင်ခွင့်သည် နိုင်ငံသူနိုင်ငံသားတစ်ယောက်အတွက် အကြီးမားဆုံး အခွင့် အရေး တစ်ခုဖြစ်ပြီး အလွန်တန်ဖိုးရှိသည့် အခွင့်အရေးတစ်ခု ဖြစ်သည့်အပြင် အရေးကြီး သည့် တာဝန်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်နိုင်ရန်နှင့် ယခုအခွင့် အရေးကို ရယူနိုင်ရန်အတွက် ကူညီပေးရမည်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းအားလုံးသည် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူနိုင်ငံသား တစ်ဦး တစ်ယောက်မကျန် မဲပေးပိုင်ခွင့်ရအောင် ဆောင်ရွက်ပေးရမည်မှာ ပထမ တာဝန်ဖြစ်ပါ ကြောင်း၊ ယခုကာလတွင် လက်ရှိရင်ဆိုင်နေရသည့် အကြီးဆုံးစိန်ခေါ်မှုမှာလည်း အဆိုပါ ကိစ္စဖြစ်ပါကြောင်း၊ အားလုံးတွင် မဲပေးပိုင်ခွင့်ရရှိပြီး လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နှင့် မဲပေးနိုင်ရန်အတွက် အခြေအနေများကို ဖန်တီးပေးရပါမည်ဖြစ်ကြောင်း။

လုံလုံခြုံခြုံဟု ပြောရခြင်းမှာ ကျန်းမာရေးကို အဓိကထားပြီး ပြောခြင်းဖြစ်ပါ ကြောင်း၊ ၎င်းမှာ နိုင်ငံတော်၏ တာဝန်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်လည်း ဖြစ်ပါ ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် ၎င်းတို့ တာဝန်အရ ဆောင်ရွက် နေကြပါကြောင်း၊ ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအနေဖြင့် တာဝန်အရ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၊ ဒေသများအနေဖြင့် အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်နိုင်သည်ကို ပြသရန်လိုအပ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ ပြည်ထောင်စု၏ အခြေခံ အုတ်မြစ်ချနိုင်ပြီဟု ပြသသည့် သဘော ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်များကို ရရှိခြင်း၊ မိမိတို့ ၏ တာဝန်ကို ကျေပွန်ခြင်း သည် နိုင်ငံတစ်နိုင်ငံ၏ အကောင်းဆုံးပုံရိပ်ကို ဖော်ညွန်းခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး များ၏ တာဝန်ရှိသူများအနေဖြင့် ယခုအခွင့်အရေးကို ပြည်သူများရရှိအောင်နှင့် ပြည်သူများ တာဝန်ကျေနိုင်အောင် ကြိုးစား ပေးကြရန် မိမိအနေဖြင့် ပြောကြားလိုပါကြောင်း၊ မိမိတို့ နိုင်ငံသည် စုပေါင်း အင်အားနှင့် ဆောင်ရွက် သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ၏ မူဝါဒများထဲတွင် အမျိုးသားရင်ကြားစေ့ရေးကို အမြဲတမ်းထည့်သွင်းပြောကြားပါ ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ မတူကွဲပြားသော အမြင်များ၊ အယူအဆ များနှင့် တန်ဖိုးများကို သဟဇာတ ဖြစ်အောင် ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးရန် ဖြစ်ပါ ကြောင်း။

မိမိတို့အနေဖြင့် ညီညွတ်မှုကို တည်ဆောက်ရာတွင် မည်မျှခက်ခဲမည်ကို ယခုကိစ္စ မှတစ်ဆင့် နားလည်နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ အမြင်ကျယ်မှုနှင့် အပြန်အလှန်လေးစားမှုရှိမှသာ အပြန်အလှန် ယုံကြည်မှုတည်ဆောက် နိုင်မှသာလျှင် တကယ့်စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည် ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်ယုံကြည်မှု တည် ဆောက်ရန် မှာ လက်တွေ့ မလွယ်ကူပါကြောင်း၊ လူတစ်ယောက်ကို ယုံကြည်ရန်ဆို သည် မှာ မလွယ်ကူပါကြောင်း၊ မိမိ ယုံကြည်နိုင်သည့်သူများရှိသကဲ့သို့ မိမိကလည်း အခြားသူများအတွက် ယုံကြည်သင့်သည့်သူ တစ်ယောက် ဖြစ်အောင်လုပ်ရန် အရေးကြီး ပါ ကြောင်း။
ပြည်သူများ၏ ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်နေသည့် နိုင်ငံ့ဝန်ထမ်းများ သည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံသူနိုင်ငံသားများက ယုံကြည် လေး စားရန် အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် ပြောကြားလိုသည်မှာ တာဝန်ရှိသူများ အနေဖြင့် ပြည်သူ့အသံကို နားထောင်ကြရန် လိုအပ်ကြောင်း၊ မိမိဒေသရှိ ပြည်သူများ၏ အသံကို နားထောင်ခြင်းဖြင့် တစ်ယောက်ကို တစ်ယောက် ပိုပြီးနားလည်သွားမည်ဖြစ်ပါ ကြောင်း၊ နားလည်မှုအပေါ် အခြေခံပြီး ယုံကြည်မှုတည်ဆောက်၍ ရပါကြောင်း။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များရှိနိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးကို တတ်နိုင် သမျှ ညီညီမျှမျှ ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ သူ့နေရာ၊ သူ့ဒေသနှင့် သင့်တော် သည့် ပုံစံဖြစ် အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ သက် ဆိုင် ရာ ဒေသတာဝန်ရှိ သူများအနေဖြင့် မိမိဒေသ၏ ပြဿနာများကို သိရှိကြသည့် အတွက် တင်ပြချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ပံ့ပိုးဆောင်ရွက်ပေး မည် ကို ဆုံးဖြတ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြ ချက် များအပေါ်မူတည်၍ မိမိတို့အနေဖြင့် ချက်ချင်းဆောင်ရွက်ပေးရမည့် ကိစ္စများကို ချက်ချင်း ဆောင်ရွက်ပေးမည့်အပြင် အချိန်ယူဖြည့် ဆည်းပေးရမည့် ကိစ္စများကိုလည်း ဆက်လက် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် “နာဂ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း က နာဂဒေသ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် လမ်း၊ တံတားများ တည် ဆောက်ပေးရေး၊ ဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ဆောင်ရွက်ပေးရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ “ဓနု” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာ လင်းက ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ရွှေ့ ပြောင်း တာဝန်ချထားရာတွင် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဦးစီး အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားရေး၊ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများ၏ အခန်းကဏ္ဍများ ထည့်သွင်းပေးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသအဆင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီများ ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခမ်းအနားများ ပါဝင်တက်ရောက်ခွင့်ရရှိရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း။

“ပအိုဝ်း” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က မူးယစ် ဆေးဝါးထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးပြဿနာများ လျော့နည်းပပျောက်ရန် Pilot Project များချမှတ်၍ ကူညီဆောင်ရွက်ပေးရေး၊ လူငယ်စီးပွား ရေးလုပ်ငန်းရှင်များ အတွက် သက်သာသောချေးငွေများထုတ်ချေးပေးရေးနှင့် ဒေသခံ တိုင်းရင်းသားများ အတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ တရားရုံး တည်ဆောက်ရန် မြေနေရာ ကိစ္စတို့ နှင့်စပ်လျဉ်း၍လည်းကောင်း၊ “ပလောင်” ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်(ခ)ဦးအိုက်မိန်း က ဌာနဆိုင်ရာရုံးများ အဆင့်တိုးမြှင့်ဖွဲ့စည်း ပေးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စုပေါင်းရုံး တည်ဆောက် ရေးအတွက် ဘတ် ဂျက်ထည့်သွင်းလျာ ထားပေးရေး၊ တရားမဝင် လက်ဖက်များ ပြည်တွင်းသို့ ဝင်ရောက်နေမှုကို ထိရောက်စွာ အရေးယူဆောင်ရွက်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ “ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးကျောက် တယ်ချန် က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ အခြေအနေ၊ ဖွဲ့စည်းပုံနှင့်လူဉီးရေ၊ ဆေးရုံ အဆင့်မြှင့်တင်ပေးရေး၊ ကိုးကန့်တိုင်းရင်းသားများအတွက် မှတ်ပုံတင် ပြုလုပ်ပေး ရေး ကိစ္စနှင့် ချင်းရွှေဟော် စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ အလုပ် အမှုဆောင် ဦးရန်ကျော်က ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသ ဖွံ့ဖြိုးရေးကိစ္စများနှင့်စပ်လျဉ်း၍ ကြည့်ရှုပေးမည် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တရားဉပေဒစိုးမိုးရေးကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရန် ဆိုလျှင် တရားဉပဒေစိုးမိုးရန် လိုအပ်ပါကြောင်း၊ တရားဉပဒေစိုးမိုးရေး အတွက် ငွေအား၊ လူအားနှင့် ပစ္စည်းအားများ လိုအပ်ပါကြောင်း၊ နိုင်ငံ သားဖြစ်ရေးကိစ္စမှာ နိုင်ငံတော်က ပြဌာန်ထားသည့် ဥပဒေနှင့် ညီညွတ်ရန် အရေးကြီး ပါကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု မရှိစေရန် စာသင် ကျောင်းများက အသိပညာပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး ရေးအတွက် ငြိမ်းချမ်း ရေးသည် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းရေးအတွက်လည်း နိုင်ငံဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊ ချင်းရွှေဟော်စီးပွားရေးဇုန် ဖွံ့ဖြိုးရေးနှင့်စပ် လျဉ်း၍ စီးပွား ရေးလုပ်ဆောင်ရာ တွင် နှစ်နိုင်ငံ ညီမျှရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်ဖက်ညီမျှရန် နည်းလမ်း ရှာဖွေသွားမည် ဖြစ်ပါကြောင်း၊ မတူကွဲပြားမှုကို စုစည်းပြီး အင်အားအဖြစ် တည်ဆောက်သွားနိုင်ရန် အရေးကြီးပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အကျယ်တဝင့် ပြန်လည်ရှင်းလင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့အားလုံးသည် မတူညီသည့် နိုင်ငံရေးပါတီများနှင့် ဒေသများမှ လာကြသော်လည်း နိုင်ငံတော်အပေါ်တွင် တူညီသည့် စေတနာထားသည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မိမိတို့အားလုံးသည် နိုင်ငံတော်၏ဝန်ထမ်းများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဝန်များ ထမ်းပေးခြင်းသည် ပြည်သူလူထုအတွက်ထမ်းပေးခြင်းဖြစ်ပါကြောင်း၊ အင်မတန် ကြီးမြတ်သည့် တာဝန်တစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အရည်အချင်း ရှိသရွှေ့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည့် တာဝန်တစ်ခုလည်း ဖြစ်ပါ ကြောင်း၊ အစိုးရအဖွဲ့ဝင်ဆိုသည်မှာ နိုင်ငံတော်ဝန်ထမ်းပင်ဖြစ်ပါကြောင်း။

သို့သော် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့်အတွက် တာဝန်တစ်ခုမှာ မိမိကိုရွေးချယ်တင်မြှောက်ထားသည့် ပြည်သူများ၏ ယုံကြည်မှုကို မချိုးဖောက် ရန် တာဝန် ဖြစ်ပါကြောင်း၊ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူများ လိုချင်သည့်အရာ ကို စဉ်းစားကြည့်သည့်အခါ နောက်ဆုံးတွင် အားလုံးသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို လိုချင်ကြပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် မည်သို့မျှငြင်း စရာအကြောင်း မရှိဟု ထင်မြင်ပါ ကြောင်း၊ ငြိမ်းချမ်းရေးရှိရန်နှင့် ဖွံ့ဖြိုးရေးရရှိစေရန် ဆောင်ရွက်ရာတွင် မတူကွဲပြားမှုများ ရှိမည်ဖြစ်ပါကြောင်း၊ ယင်းတို့ကိုညှိနှိုင်းရမည် ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေး ရရှိရေးကို ဦးနှောက်နှင့် နှလုံးသား အင်အားအခြေခံ၍ ဆောင် ရွက်စေလိုပါကြောင်း၊ လက်နက်ကိုအားကိုး၍ ငြိမ်းချမ်းရေးရရှိစေရန် မဆောင် ရွက် စေလိုပါကြောင်း၊ ဖွံ့ဖြိုးရေးရရှိစေရန် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှ တရေး အပေါ် တွင် အခြေခံ၍ ဆောင်ရွက်လိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် တရား ဥပဒေစိုးမိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ အကြမ်းမဖက်ရေးဆိုသည်တို့မှာ များစွာ အရေးကြီး ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက်လည်း အရေးကြီးပါကြောင်း၊ ယင်းမှာ မိမိတို့ ဦးတည်နေသည့် စစ်မှန် သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်အတွက် အရေးကြီး ခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့တင်ပြသွားသည့် ကိစ္စများသည် တစ်နည်း တစ်လမ်းဖြင့် မိမိတို့လိုလားသည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါ ကြောင်း။

ပြဿနာရှိသည်ကို သိရှိမှသာ ဖြေရှင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပြဿနာများ ရှိမှန်းမသိပါက ဖြေရှင်းပေး၍ မရပါကြောင်း၊ ဖြေရှင်းပေး၍ မရသည့် အတွက် မကျေနပ် မှုများ ဖြစ်ကြပါကြောင်း၊ နိုင်ငံတော်အစိုးရသည် တင်ပြမှသာ သိရှိရပြီး လိုက်လံ စုံစမ်းလေ့လာမေးမြန်းရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တင်ပြလာခြင်း များနှင့် မေးမြန်းလာခြင်းများကို ကြိုဆိုပါကြောင်း၊ အမေးရှိမှ အဖြေရှာတွေ့နိုင်မည်ဖြစ်ပါ ကြောင်း၊ စုစည်းမှုအင်အားဖြင့် မိမိတို့နိုင်ငံကို ညီညီညွတ်ညွတ်ဖွံ့ဖြိုးတိုးတက်၍ ခိုင်မာသည့် နိုင်ငံတစ်ခုဖြစ် စေရန် ထူထောင်သွားနိုင်မည်ကိုလည်း ယုံကြည်ပါကြောင်း၊ အားလုံးသည်လည်း ယင်း ယုံကြည်ချက်ကိုမျှဝေပေးကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးတင်မြင့်နှင့် ဦးလှမော်ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့နှင့် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေး မှူးများနှင့်လည်းကောင်း မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။