Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍

ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

 

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်)

 

ဒီနေ့ အခုနောက်ဆုံး ကိုဗစ်အခြေအနေကို ပြည်သူလူထုကို တင်ပြဖို့ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေဟာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကိုဗစ်ရောဂါရှိတဲ့သူတွေ တွေ့ရှိ နှုန်းက ချက်ချင်းတော့ မကျသေးပါဘူး။ အဲဒါဟာလည်း မြန်မြန်ဆန်ဆန် စမ်းသပ်နိုင်တဲ့ Test Kit တွေ ရှိလို့လည်း ဖြစ်ပါတယ်။ အခုဆိုတော့ ကျယ်ကျယ်ပြန့်ပြန့်ကြီးကို စမ်းသပ်နေနိုင်ပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်လိုက်တဲ့အခါ ဘာတွေ့ရလဲဆိုတော့ လုံးဝရောဂါ လက္ခဏာ မရှိတဲ့သူတွေမှာ ရောဂါရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါကတော့ ကျွန်မတို့ အစကတည်းက သတိပေးနေတာပါ။ နှစ်လ၊ သုံးလလောက်ကတည်းက ၇၀ ရာခိုင်နှုန်း နီးပါးလောက် ရောဂါရှိတဲ့လူတွေဟာ ရောဂါလက္ခဏာ မပြပါဘူး ဆိုပြီးတော့ ပြောခဲ့ပါတယ်။ အဲဒါလည်း တစ်ခါမကပေါ့နော်၊ တစ်ကြိမ်မက သတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အများက သိပ်ပြီး သတိမပြုမိဘူးလား မသိဘူး။ အခုကျမှ ပကတိကျန်းမာတဲ့ ပုံစံနဲ့ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ရောဂါရှိတယ်ဆိုတာ တွေ့ရလို့ အံ့အားသင့်ကြပါတယ်။ ဒါပေမယ့် ဒီလိုရောဂါလက္ခဏာမပြတဲ့ ပုဂ္ဂိုလ်တွေဆီကနေ ကူးစက်မှုကတော့ ပိုများလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက စိတ်ချလက်ချနဲ့ သူတို့နဲ့ ထိတွေ့မှုရှိရင်တော့ ရောဂါဖြစ်မှာ မဟုတ်ဘူးလို့ ထင်ကြတယ်။

ဒါကြောင့် အားလုံးကိုတော့ တစ်ယောက်နဲ့တစ်ယောက်ကနေ ဘယ်သူမဆို ရောဂါ ရှိနိုင်တယ်ဆိုတဲ့ အမြင်နဲ့တော့ မြင်ရမှာပဲ။ ဒီလိုပြောခြင်းဟာ သံသယမျက်စိနဲ့ ကြည့်ဖို့ မဟုတ်ပါဘူး။ သတိနဲ့ကြည့်ဖို့ ဆိုလိုတာပါ။ အခုဆိုရင် ပိုပိုပြီးတော့ ဒီရောဂါကို ကာကွယ်ဖို့ အတွက် ဘာလုပ်ရမလဲဆိုတာ မြင်လာပါတယ်။ မြင်လာတဲ့ တစ်ချိန်တည်းမှာပဲ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်စရာတွေဟာလည်း တွေ့လာရတာပေါ့။ ဥပမာဆိုရင် ကုန်တင်ကား တွေနဲ့ပတ်သက်လို့ ကျွန်မတို့မှာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကြားမှာ  သဘောတူညီမှုတွေ ယူဖို့လိုလာပြီ ဆိုတာကို သတိပြုမိပါတယ်။ တစ်နေရာကနေ တစ်နေရာသွားတဲ့အခါကျတော့ တစ်နေရာကနေ တစ်နေရာသွားတဲ့ ကုန်တင်ယာဉ်တွေကိုမောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်မောင်းအဖော်တွေနဲ့ အဲဒီကနေ တစ်ဆင့် ရောဂါကူးမှာကို အများကလည်း ကြောက်ကြတယ်။ ကူးတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုစမ်းသပ်လိုက်တဲ့အခါမှာ တချို့တွေက ရောဂါပိုးရှိနေတယ် ဆိုတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ကျွန်မတို့ ပြည်သူတွေကို သတိပြုစေချင်တာကတော့ ရောဂါရပြီ ဆိုတာနဲ့ သိပ်ပြီးတော့ စိုးရိမ်မှု မလွန်ပါနဲ့။ စိုးရိမ်လွန်ရင် ကိုယ်ခံစွမ်းအား ကျနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ မနေ့တုန်းက ကိုဗစ်ရောဂါဖြစ်ပြီး ပြန်ကောင်းသွားတဲ့ ပုဂ္ဂိုလ်နဲ့ ဆွေးနွေးပါတယ်။ ရောဂါ ဖြစ်တဲ့လူက အသက်လည်း မငယ်ပါဘူး။ ၆၆ နှစ် ရှိပါပြီ။ နောက်ပြီးတော့ အခံရောဂါတွေလည်းရှိပါတယ်။ ဆီးချိုလည်းရှိတယ်၊ သွေးချိုလည်း ရှိတယ်။  ကျောက်ကပ်လည်း သိပ်မကောင်းဘူး။  အဲဒီတော့ အခြေခံကျန်းမာရေးကလည်း ကောင်းတာမဟုတ်ဘူး။ အသက်ကလည်း ငယ်တာမဟုတ်ဘူး။ အဘက်ဘက်ကကြည့်ရင် ကိုဗစ်ရောဂါရရင် အင်မတန် အန္တရာယ်ရှိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း မြန်မြန်ဆန်ဆန်နဲ့ ကောင်းသွားတယ်။ အေးအေး ဆေးဆေးပဲ။ ကျွန်မကမေးတယ်။ ရောဂါဖြစ်တုန်းက ဒါကို ဘယ်လိုရင်ဆိုင်ခဲ့လဲ၊ ဘယ်လို ကျော်လွှားခဲ့လဲ ဆိုတာ။  အဖြေကို ကျွန်မ သဘောကျလွန်းလို့။ အဖြေက ရိုးရိုးရှင်းရှင်းလေးပဲ။ ကိုယ့်ဟာကိုယ်ပဲ လုပ်ယူပါတယ်။ ဒီဟာကိုပေါ့နော်၊ ရောဂါဖြစ်ပြီဆိုရင် စိတ်ထားတတ်ဖို့၊ နေတတ်ဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာပေါ့။  အဲဒါနဲ့ ဒီအဖြေကို သဘောလည်းကျတယ်။ နောက်ပြီး စိတ်လည်းဝင်စားလို့ အခု ပြည်သူလူထုကို  ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ပညာပေး အစီအစဉ်တွေ နည်းနည်းလေး ပြောင်းလိုက်ဖို့ စဉ်းစားထားပါတယ်။  အခုဆိုရင် တစ်ပတ်မှာ သုံးကြိမ်ပေါ့။ သမားတော်ကြီးများ၊ ဆရာဝန်ကြီးများနဲ့ ကျန်းမာရေး အမေး အဖြေ အစီအစဉ်တွေ လုပ်နေတာကို နောက်အပတ်မှာဆိုရင် နှစ်ကြိမ်လုပ်ပြီး တစ်ကြိမ်ကိုတော့ ကိုဗစ်ရောဂါရပြီး ပြန်ကောင်းလာတဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ဆွေးနွေးခန်းပေါ့။

ဘယ်လို  သူတို့တွေ ကိုဗစ်ရောဂါကို ရင်ဆိုင်ခဲ့လဲ။ ဘယ်လို ကျော်လွှားခဲ့လဲ။ ဘယ်လို ပုံစံနဲ့ ရင်ဆိုင်ကျော်လွှားခြင်းဟာ အကောင်းဆုံးလဲ ဆိုတာကို ပြည်သူတွေ သိထားတဲ့ အခါကျတော့ ကိုယ့်ရဲ့မိသားစုတွေ၊ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဒီကိုဗစ် ရောဂါရပြီဆိုရင် စိုးရိမ်ကြောင့်ကြမှု မလွန်အောင်လို့ပေါ့။ ဘာပဲပြောပြော ကိုယ်နေတတ် ထိုင်တတ်မယ်ဆိုရင်၊ ဒီရောဂါကို ပထမဦးဆုံးတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတကျ နေမယ် ထိုင်မယ်ဆိုရင် ရောဂါဝင်လို့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ရောဂါရသွားပြီဆိုရင် အဲဒီဟာကိုလည်း ကျော်လွှားနိုင်တဲ့ နည်းတွေ ရှိပါတယ်။ ကျန်းမာရေး ဌာနကနေတစ်ဆင့် နိုင်ငံတော်က လုပ်ပေးနေတဲ့နည်းတွေမကဘဲ ကိုယ့်ဘာသာကို လုပ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အဲဒါလည်း သိစေချင်လို့ ဒီအစီအစဉ်လေးလုပ်ဖို့ ကျွန်မတို့ စဉ်းစားထား ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့လည်း ရောဂါရပြီးတော့ ပြန်ကောင်းလာတဲ့ ပြည်သူတွေအနေနဲ့ ကူညီနိုင်တာတစ်ခုက ဘာလည်း ဆိုတော့ အခုဆိုရင် ကုသနည်းတစ်ခုက ရောဂါရပြီးသား ပုဂ္ဂိုလ်များရဲ့ သွေးရည်ကြည်ကနေ တစ်ဆင့် ကုသတဲ့နည်းပါ။ အဲဒါကိုတော့ လှူဖို့ဟာ ရောဂါရပြီးသား ပြည်သူပြည်သားတွေက လှူမှဖြစ်မှာပါ။ သွေးလှူတဲ့ သဘောမျိုးပေါ့။ အဲဒါ လုပ်နိုင်မယ်ဆိုရင် ကိုယ်ရောဂါရခဲ့ခြင်းဟာ အများအတွက်တောင်မှ အကျိုးပြုနိုင်မယ့် အခြေအနေ ရောက်သွားနိုင်တယ်ဆိုတဲ့ အမြင်လည်း ရနိုင်ပါတယ်။ ဒါကြောင့် ကူနိုင်တဲ့ဘက်ကနေကူပါ။

လှူနိုင်တယ်ဆိုရင်  ကိုယ်ကိုယ်တိုင် ကျန်းမာရုံတင်မက တခြားသူလည်း ကျန်းမာ သွားအောင်လို့  လုပ်ပေးနိုင်တယ်ဆိုတဲ့ အသိစိတ်နဲ့ အများကြီး စိတ်ကျေနပ်မှုရမယ်လို့ ကျွန်မ ထင်ပါတယ်။ အဲဒါကြောင့် ဒါလည်း ကူနိုင်တဲ့နေရာကို ကူပါ။ နိုင်ငံတော်ကတော့ အတတ်နိုင်ဆုံး ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါတယ်။ ဂရုစိုက်တယ်ဆိုရင် နည်းနည်းကြွားသလို ဖြစ်ပေမယ့် ပြောရမယ်ဆိုရင် ကျွန်မတို့ကနေပြီးတော့ အခု အမေရိကန်သမ္မတအတွက် သုံးနေတယ်ဆိုတဲ့ ဆေးကို တတ်နိုင်သမျှ ကျွန်မတို့ ပြည်သူတွေအတွက် သုံးနေပါတယ်။ အဲဒီဆေးနာမည်ကိုလည်း ကျွန်မပါးစပ်ထဲက ပြောရတာ တော်တော်ခက်တယ်။ Remdesivir လို့ အသံထွက်တယ်လို့ ထင်ပါတယ်။ အဲဒီဆေးကို ကျွန်မတို့ အိန္ဒိယကနေ ဝယ်ထားတာ ရှိပါတယ်။ အိန္ဒိယနိုင်ငံကနေပြီးတော့ လှူထားတာတွေလည်း ရှိပါတယ်။ ဒါဟာ ရောဂါ အခြေအနေ နည်းနည်းပြင်းထန်တဲ့ လူနာတွေကို သုံးပါတယ်။ အားလုံးအတွက် သုံးနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ပိုပိုပြီးတော့ ကျွန်မတို့ ထပ်ပြီးတော့ ဝယ်ယူပါ့မယ်။ ထပ်ပြီးတော့ သုံးသင့်သုံးထိုက်တဲ့ လူနာတွေအတွက် သုံးသွားမှာဖြစ်ပါတယ်။

အဲဒီတော့ ရောဂါကို ထိန်းချုပ်ဖို့၊ ကုသဖို့ လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးအရ ကုသမှုတွေကိုလည်း ကျွန်မတို့ လုပ်ရပါတယ်။ ထိန်းချုပ်မှု၊ ကုသမှုပေါ့။ စီးပွားရေးအရ ထိခိုက်မှုတွေ သိပ်မရှိအောင်၊ ရှိတဲ့ထိခိုက်မှုတွေကို ကုသနိုင်အောင်ဆိုပြီးတော့ ဒီဟာတွေလည်း လုပ်ရပါတယ်။ အဲဒီတော့ အခုဆိုရင် ဥပမာအားဖြင့် အလုပ်ရုံ၊ စက်ရုံတွေ လည်ပတ်နိုင်ဖို့ ဒါတွေလည်း ကျွန်မတို့ စဉ်းစားပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရုံ၊ စက်ရုံတွေ လည်ပတ်နိုင်ဖို့ဆိုတာ ဒီစက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေနဲ့ အလုပ်သမားတွေအတွက်တင် မဟုတ် ပါဘူး။ နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးတာ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း အစကတည်းက ကျွန်မတို့ သတ်မှတ်ထားတဲ့ ကိုဗစ်ကာလမှာဆိုရင် ဦးစားပေးပြီးတော့ လုပ်ရမယ့် လုပ်ငန်းတွေ ရှိပါတယ်။ ဥပမာဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ကျွန်မတို့ တစိုက်မတ်မတ် အားပေးနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာဟာ ရေရှည်အတွက် လိုအပ်တဲ့ အ‌ခြေခံအဆောက်အဦတွေကိုလည်း ဖြစ်မြောက်စေတယ်။ နောက်ပြီးတော့ ဒီအခြေအနေမှာလည်း ကျွန်မတို့ ပြည်သူတွေကို အလုပ်ပေးတယ်။ နောက်ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင် လုပ်နိုင်ဖို့လည်း တခြားလုပ်ငန်းတွေနဲ့စာရင် လွယ်ကူမှုရှိတယ်လို့ ပြောလို့ ရပါတယ်။ နောက်ဆုံးကျတော့ စည်းမျဉ်းစည်းကမ်းပဲ။ ဘာမဆို စည်းမျဉ်းစည်းကမ်းပါ။ ဒီစည်းမျဉ်းစည်းကမ်းဘောင်ထဲကနေ၊ အတွင်းထဲကနေလုပ်သွားရင် ကျွန်မတို့ ကာကွယ်နိုင်မယ်။ ထိန်းချုပ်နိုင်မယ်။

ဒီတော့ အခုအချိန်မှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးကတော့ အများဆုံးပါ။ အားလုံး သိပြီးသားပါ။ ရန်ကုန်တိုင်းဒေသကြီးက လူဦးရေလည်း ထူထပ်တယ်။ ပြန့်ပွားမှုကလည်း နည်းနည်းများနေတယ်။ တခြားတိုင်းဒေသကြီးတွေမှာလည်း ပြန့်ပွားမှုများတဲ့ မြို့နယ်တွေ ရှိတယ်။ ဒါပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးကို ကြည့်လိုက်မယ်ဆိုရင် မြို့နယ် အများစုကတော့ အခြေအနေကောင်းပါတယ်။ ကိုဗစ်ရောဂါ မရှိဘူး မဟုတ်ဘူး။ ရှိတယ်။ သိပ်မများပါဘူး။ ကျွန်မတို့ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အဲဒါကို ဆက်လက်ပြီးတော့ ထိန်းချုပ်ထားဖို့ အရေးကြီးပါတယ်။

          ကျွန်မအရင်တစ်ခါ တင်ပြတုန်းက ပြောခဲ့ပါတယ်။ အခုအချိန်ကအထွေထွေရွေးကောက်ပွဲ အချိန်ရောက်နေပြီ။ အထွေထွေရွေးကောက်ပွဲဟာ စပြီပေါ့။ နိုင်ငံခြားမှာဆိုရင် ကျွန်မတို့ရဲ့ ပြည်ပရောက် နိုင်ငံသူ နိုင်ငံသားများ စပြီးတော့ မဲပေးနေပါပြီ။ နိုင်ငံခြားရေးရုံးကရတဲ့ ကိန်းဂဏန်းတွေအရဆိုရင် နိုင်ငံခြားမှာရောက်နေပြီး မဲပေးပိုင်ခွင့်ရဖို့အတွက် ပုံစံ-၁၅ နဲ့ တင်ပြထားတဲ့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဆိုရင် ၁၀၉၄၇၀ ရှိပါတယ်။ အဲဒီအထဲကဆိုရင် ဒီနေ့အထိ မဲပေးလို့ပြီးတာ ၂၇၉၁၇ ယောက် ရှိပါတယ်။ ဆက်ပြီးတော့ မဲပေးဦးမှာပါ။ အထူးသဖြင့်  အခု စနေ၊ တနင်္ဂနွေမှာဆိုရင် တချို့နိုင်ငံတွေက သံရုံးတွေမှာ ရုံးပိတ်ရက်တွေ ဖြစ်လို့ မဲပေးတာတွေ စမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာတွေက ချောချောမွေ့မွေ့နဲ့ ဖြစ်နေပါတယ်။ တစ်ခါတလေတော့ အထစ်အငေါ့လေးတွေ ရှိတာပေါ့။ ဒါပေမယ့် ဒါတွေကိုလည်း ကျွန်မတို့ တတ်နိုင်သမျှ ဖြေရှင်းပေးပါတယ်။

          မဲပေးဖို့နေရာမှာ ပြည်ပရောက်    နိုင်ငံသူ၊ နိုင်ငံသားများ မဲပေးတဲ့နေရာမှာ ကျွန်မတို့ အနေနဲ့ ကျော်လွှားဖို့ခက်ခဲတဲ့ ကိစ္စတစ်ခုကတော့ အဲဒီ သက်ဆိုင်ရာနိုင်ငံတွေက သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါပဲ။ သက်ဆိုင်ရာ နိုင်ငံတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအရ အထူးသဖြင့် သံရုံးတွေ မရှိတဲ့နေရာမှာ နေတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားများ မဲပေးဖို့ အခက်အခဲလေးတွေ တွေ့ရပါတယ်။ အဲဒါလည်း တတ်နိုင်သမျှတော့ ကြိုးစားပြီးတော့ ဖြေရှင်းပေးပါတယ်။ သက်ဆိုင်ရာနိုင်ငံနဲ့ ညှိရပါတယ်။ ညှိတော့ တစ်ခါတလေလည်း အဆင်ပြေတယ်။ တစ်ခါတလေလည်း အဆင်မပြေဘူး။ ဒါပေမယ့် တတ်နိုင်သမျှတော့ ပြည်သူတွေက ကိုယ့်မဲပေးပိုင်ခွင့်ကို သုံးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ ပြည်ပတင်မကဘူး။ ပြည်တွင်းမှာ ဒီရွေးကောက်ပွဲမှာ ပြည်သူများ လွတ်လွတ်လပ်လပ်နဲ့ စိတ်လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့ဆိုတဲ့ အစီအစဉ်တွေလည်း အများကြီး လုပ်နေပါတယ်။ နောက်ဆုံးကတော့ ရွေးကောက်ပွဲကော်မရှင်က တင်ပြထားတဲ့ အစီအစဉ်တစ်ခုဟာ ပြည်သူတွေအတွက်လည်း စိတ်လည်းလုံခြုံမှုရမယ်။ ကျေနပ်မှုလည်း ရမယ်လို့လည်း ကျွန်မတို့ထင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ပထမ အစမှာတော့ Stay at Home မြို့နယ်တွေကို ကိုဗစ်ရောဂါ ကူးစက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ များတယ်ဆိုပြီး သတ်မှတ်ထားတဲ့ Stay at Home မြို့နယ်တွေမှာ အသက် ၆၀ ကျော်တွေ ကြိုတင်မဲ ပေးနိုင်မယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွန်မတို့မှာ ကောင်းကျိုး နှစ်ခုရှိပါတယ်။ တစ်ခုကတော့ အသက် ၆၀ ကျော်တွေဆိုတာဟာ အသက်ကြီးတာနဲ့အမျှ၊ အသက် ၆၀ ကျော်လာတာနဲ့အမျှ ကိုဗစ်ရောဂါရလို့ရှိရင် နည်းနည်းပိုပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။ စိုးရိမ်ရတဲ့ အသက်အရွယ်တွေ လုံခြုံအောင်လို့ ဆိုပြီးတော့ ကြိုတင်မဲပေးနိုင်ဖို့ ကျွန်မတို့ အစီအစဉ်တွေ စပြီးတော့လုပ်ပါမယ်။

နောက်တစ်ခုက ဘာလဲဆိုရင် ဒီလို အသက် ၆၀ ကျော်တွေက ကြိုတင်မဲပေးမယ်ဆိုရင် ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာ သွားပြီးတော့ မဲပေးမယ့်လူတွေရဲ့ အရေအတွက်ပါ ကျသွားမယ်။ အရေအတွက် ကျဆင်းသွားတဲ့အခါကျတော့ လိုအပ်တဲ့ ကွာခြားမှုဖြစ်တဲ့ ၆ ပေ ကွာခြားပြီး လုပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုနည်းအောင် စည်းကမ်းတွေကို အကောင် အထည်ဖော်တာ လုပ်နိုင်တဲ့အခါကြတော့ ပိုပြီးတော့ အားလုံး လုံခြုံမှု ဖြစ်ပါတယ်။ ပြည်သူတွေ လုံခြုံမှုအတွက် လိုအပ်တဲ့ Mask တို့ Faceshield တို့ကိုလည်း နိုင်ငံတော်က တာဝန်ယူပြီးတော့ လုပ်ပေးပါမယ်။ အဲဒီဟာအပြင် အခုနောက်ဆုံး စဉ်းစားထားတာကတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း ဒါကို သဘောတူပါတယ်။ Stay at Home မြို့နယ်တွေမှာ ဆိုရင် အသက် ၆၀ ကျော်တွေ အားလုံးဟာ ကြိုတင်မဲပေးနိုင်မှာ ဖြစ်တာကြောင့် ရွေးကောက်ပွဲနေ့မှာလည်း အခြေအနေတွေ ပိုပြီးတော့ ကောင်းသွားမယ်။ ကျန်းမာရေး အရလည်း အသက် ၆၀ ကျော်တွေအတွက် ပိုပြီးတော့ စိတ်ချရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မလည်း ကြိုတင်မဲ ပေးလို့ရတာပေါ့။ ဒီအပြင် Stay at Home မြို့နယ်တွေအပြင် လူဦးရေများတဲ့ မြို့နယ်တွေကိုပါ ဒီလိုအစီအစဉ်၊ အသက် ၆၀ ကျော်တွေကို ကြိုတင်မဲ ပေးနိုင်မယ့် အစီအစဉ်တွေလုပ်ဖို့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ ဘယ်လိုသတ်မှတ်မလဲ ဆိုတာတော့ ကျွန်မတို့ ဆုံးဖြတ်ရမှာပါ။ လူဦးရေများတယ်ဆိုတာကို  ဘယ်လိုအတိုင်းအတာ၊ ဘယ်လိုအတိုင်းအဆနဲ့ သတ်မှတ်မလဲဆိုတာကို ကျွန်မတို့ တိတိကျကျ မဆုံးဖြတ်ရသေး ပါဘူး။ ဆုံးဖြတ်ပြီးတာနဲ့ ပြည်သူတွေကို ကျွန်မတို့အသိပေးမှာဖြစ်ပါတယ်။

ဒီတော့ အဖက်ဖက်က နိုင်ငံတစ်နိုင်ငံ လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းတွေ အားလုံးကို ဆက်ပြီးတော့ ချောချောမွေ့မွေ့၊ ရှောရှောရှူရှူနဲ့ လုပ်သွားနိုင်ဖို့ ကြိုးစားနေပါ တယ်။ ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ ကိုဗစ် ရောဂါနဲ့ ပတ်သက်ပြီး ပြောတိုင်းပြောတိုင်း မဖြစ်မနေ ကျွန်မတို့ ကျေးဇူးတင်သင့်တာက ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ သိပ်ပြီးတော့ ရောဂါပြန့်ပွားမှုများတဲ့ နေရာတွေမှာဆိုရင် မလုံလောက်တဲ့ အခါကျတော့ တခြား တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ။ ရောဂါအခြေအနေ ကောင်းတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေက ခေါ်ယူရပါတယ်။  အားလုံးလာပြီး ကူညီပေးတဲ့ဝန်ထမ်းတွေကိုလည်း ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ရောဂါ ပြန့်ပွားမှုများတဲ့ နေရာတွေမှာ တစိုက်မတ်မတ် လုပ်ခဲ့ရတဲ့၊ လုပ်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းအချို့ ရောဂါ ကူးစက်မှုရှိတယ်ဆိုတာလည်း ကျွန်မတို့ပြည်သူတွေ သိထားပြီးသားပါ။ အဲဒီ ဝန်ထမ်းတွေလည်း မြန်မြန်ဆန်ဆန် ကျန်းမာကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းပါတယ်။ ပြည်သူတွေ အားလုံးကလည်း ဝိုင်းဝန်းပြီးတော့ ဒီအတိုင်းပဲ ဆုတောင်းကြမယ်လို့ ထင်ပါတယ်။ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်မတို့ အခု လိုအပ်ချက်နဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပါမယ်။ လိုအပ်ချက် မရှိတော့ဘူးဆိုတာနဲ့ ကျွန်မတို့ ပြန်ပြီး ရုပ်သိမ်းပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစည်းမျဉ်းစည်းကမ်းတွေက ပြည်သူတွေရဲ့ လွတ်လွတ်လပ်လပ် သွားလာနေထိုင်မှုကို ချုပ်ချယ်ချင်လို့ မဟုတ်ပါဘူး။ ရောဂါကို ချုပ်ချယ်ချင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ရောဂါနဲ့ပတ်သက်လို့ စိတ်ချရတယ်ဆိုတဲ့ အနေအထားရှိလာရင်၊ ဥပမာ စောစောက ကျွန်မ ပြောသလို အလုပ်ရုံ၊ စက်ရုံတွေ ပြန်ပြီးတော့ လည်ပတ်လာနိုင်အောင်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စည်းမျဉ်းစည်းကမ်းအရ စစ်ဆေးပါမယ်။ စစ်ဆေးပြီးတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုယ်ညီတယ်ဆိုရင် မြန်မြန်ဆန်ဆန် ပြန်ပြီးတော့ လည်ပတ်နိုင်အောင်လို့ ကျွန်မတို့ စီစဉ်မှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ပြည်သူတွေက အဓိကအားဖြင့်တော့ စိတ်ခိုင်ခိုင်ထားပါ။ သတိနဲ့တော့ အမြဲနေပါ။ စိုးရိမ်ကြောင့်ကြမှု မလွန်ပါနဲ့။ နောက်ပြီး ရောဂါရသည့်တိုင်အောင် ဒီရောဂါကို ကျော်လွှားနိုင်မယ်ဆိုတာကို ယုံကြည်စေချင်ပါတယ်။ နောက်အပတ် စမယ့် အစီအစဉ်မှာဆိုရင်လည်း ကိုယ်တိုင်ကိုယ်ကျ  ဒီရောဂါကိုရင်ဆိုင်ပြီး ကျော်လွှားခဲ့တဲ့ ကျွန်မတို့ ပြည်သူတွေရဲ့အသံကို ကြားရပြီးတော့ သူတို့ ဘယ်လိုလုပ်ခဲ့တယ်။  ဘယ်လို ဒီရောဂါကို ရင်ဆိုင်ခဲ့တယ်။ ဒီစိန်ခေါ်မှုကြီးကို အနိုင်ယူခဲ့တယ်ဆိုတာ ကြားရရင် ရောဂါရမှာ စိုးရိမ်နေတဲ့ ပြည်သူတွေ၊ ရောဂါရနေတဲ့ ပြည်သူတွေ၊ နောက်ပြီးတော့ ကိုယ်ရဲ့ ဆွေမျိုး၊ မိတ်သင်္ဂဟတွေ ကြားမှာ ရောဂါဖြစ်နေတဲ့ ပြည်သူတွေအတွက်လည်း စိတ်သက်သာရာ ရတဲ့အပြင် လက်တွေ့ ကျကျနဲ့ အထောက်အကူပြုဖြစ်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ ထပ်လောင်း ပြောရမယ်ဆိုရင် စိုးရိမ်မလွန်ပါနဲ့။ သတိတော့ ကြီးစွာရှိပါ။ ကျွန်မတို့ နေ့တိုင်း နေ့တိုင်း၊ အဆက်မပြတ် တစ်ချိန်လုံး ဒီရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးအတွက်  အမြဲတမ်းစဉ်းစားနေပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ရွေးကောက်ပွဲက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ လိုအပ်ချက် အသီးသီး အားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်ဆိုတာ ပြောချင်ပါတယ်။

အားလုံးကျန်းမာချမ်းသာ အောင်မြင်နိုင်ကြပါစေ။