နေပြည်တော် နိုဝင်ဘာ ၁၄

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ လာအိုနိုင်ငံနှင့် ဘူတန်ဝန်ကြီးချုပ်တို့ထံမှ  ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။

အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ-

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ လာအိုပြည့်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်း ဆီဆုလစ် ထံမှ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ခြင်းအတွက် လာအိုပြည့်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရကိုယ်စား မိမိအနေဖြင့် နွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ရကြောင်းကို ပြောကြားလိုပါကြောင်း။

အဆွေတော်၏ အမျှော်အမြင်ရှိသည့် ဦးဆောင်မှုနှင့် အတွေ့အကြုံကြွယ်ဝမှုတို့ဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့်  COVID-19 ကပ်ရောဂါကို နှိမ်နင်း၊ ထိန်းချုပ်ရေးနှင့် လာမည့်နှစ်များတွင် မြန်မာပြည်သူများအတွက် ပိုမိုတိုးတက်သာယာဝပြောစေရေး ရှေးရှုလျက် စီးပွားရေးကဏ္ဍတွင်လည်း ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ကြီးမားသည့် အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွား ဖော်ဆောင်သွားရေးအတွက် လာအိုနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးနှင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အဆွေတော်နှင့် နီးကပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အဆွေတော် ကျန်းမာရွှင်လန်းစေရန်နှင့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ပိုမိုရရှိစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဘူတန်နိုင်ငံဝန်ကြီးချုပ် ဒေါက်တာ လိုတေး ရှာရင်း ထံမှ ပေးပို့သော  ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ခြင်းအတွက် ဘူတန်နိုင်ငံအစိုးရကိုယ်စား မိမိအနေဖြင့် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း အဆွေတော်ထံသို့ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊ အဆွေတော်နှင့် NLD  ပါတီတို့၏ အောင်မြင်မှုသည် အဆွေတော်အနေဖြင့် NLD  ပါတီအား ထက်မြက်တက်ကြွစွာ ဦးဆောင်နိုင်ခဲ့မှုနှင့် အဆွေတော်၏ မဲဆန္ဒနယ်ရှိ ပြည်သူများအပါအဝင် မြန်မာလူထုက အဆွေတော့် အပေါ် ယုံကြည်ကိုးစားမှုကို ထင်ဟပ်ပြသခဲ့ခြင်းပင် ဖြစ်ပါကြောင်း။

NLD ပါတီ၏ ဥက္ကဋ္ဌအဖြစ် မြန်မာပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အရေးကြီးသော နိုင်ငံ့တာဝန်များအား အောင်မြင်စွာ ဆက်လက်သယ်ပိုးနိုင်ပါစေရန် မိမိအနေဖြင့် ဆုမွန်ကောင်း ပို့သအပ်ပါကြောင်း။

မိမိတို့ နှစ်နိုင်ငံအကြား သမိုင်းကာလ  ရှည်ကြာစွာ တည်တံ့လျက်ရှိသည့် နွေးထွေးချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိကြသည်ဖြစ်ရာ ယင်း နီးကပ်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မြဲလာမည်ဟု မျှော်လင့်ပါကြောင်း။