နေပြည်တော် နိုဝင်ဘာ ၁၅

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နီကာရာဂွါ သမ္မတနိုင်ငံ သမ္မတနှင့် ဒုတိယသမ္မတတို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ -

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ နီကာရာဂွါ သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ဒန်နီရယ် အော်တေဂါ ဆာဗီဒြာနှင့် ဇနီးဖြစ်သူ ဒုတိယသမ္မတ မစ္စ ရိုစာရီယို မူရီလို တို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အောင်နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက်လည်း မြန်မာပြည်သူများကို ဂုဏ်ပြုပါကြောင်း၊

ငြိမ်းချမ်းရေး၊ ချမ်းသာ သုခ ကြွယ်ဝမှုနှင့် အပြန်အလှန်နားလည်မှုတို့ ရရှိစေရန်အတွက်လည်း ဆုတောင်းမေတ္တာပို့သပါကြောင်း။

ယခုနှစ်တွင် မြန်မာနိုင်ငံနှင့် နီကာရာဂွါ သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုကို ထူထောင်နိုင်ခဲ့သည့်အတွက်လည်း နီကာရာဂွါ အစိုးရနှင့် ပြည်သူလူထုအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် ထိတွေ့ဆွေးနွေးမှုတို့ရှိသည့် ကမ္ဘာဖြစ်စေရန်အတွက် အတူတကွ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။