နေပြည်တော် နိုဝင်ဘာ ၁၆

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူတန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယားထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ -

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူတန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယားထံမှ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အောင်မြင်မှုရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

မြန်မာနှင့် ဘရူနိုင်းဒါရူဆလံနိုင်ငံတို့သည် နှစ်နိုင်ငံနှင့် ဒေသတွင်းအဖွဲ့အစည်းများ၌ ရင်းနှီး နွေးထွေးသော ဆက်ဆံရေးရှိပါကြောင်း၊ အဆွေတော်၏ အစိုးရသက်တမ်းသစ် ကာလအတွင်း အောင်မြင်မှု ရရှိစေရန်နှင့် အထူးတန်ဖိုးထားသည့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်စေရန် အထူးသဖြင့် လာမည့်နှစ်အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံက တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အတူတကွ ပူပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း။

အဆွေတော် ကျန်းမာရွှင်လန်းစေရန်နှင့် မြန်မာပြည်သူပြည်သားများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သာယာဝပြောစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။