မကြာမီရက်ပိုင်းကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆွေတော် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကောင်းမွန်သော ရလဒ်ရှိကြောင်း ဝမ်းမြောက်ဝမ်းသာစွာ သိရှိရပါကြောင်း၊

ကျွန်တော့်အနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ နှစ်နှစ်ကာကာ ဂုဏ်ပြုထောမနာပြုပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှု‌အောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်ချမ်းသာကြွယ်ဝရေးဟူသော မွန်မြတ်သည့် လုပ်ငန်းကြီး ဖော်ဆောင်ရာတွင် ပိုပြီး ကြီးမားသော အောင်မြင်မှုရရှိလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ပါကြောင်း၊

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်သော အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်း ဖြစ်ကြပါကြောင်း၊ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်သွယ်ရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်ကို ကျွန်တော်တို့ နှစ်နိုင်ငံ အတူတူနွှဲပျော်ခဲ့ပါကြောင်း၊ နှစ်ဆန်းပိုင်းတွင် ကျွန်တော်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာရောက်ရှိစဉ် အေးအတူပူအမျှဖြစ်သော အသိုက်အဝန်း ဆက်ဆံမှုတည်ဆောက်ရန် အဆွေတော်နှင့် သဘောတူထားပြီး နှစ်နိုင်ငံဆက်ဆံရေးခေတ်သစ်ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ထိထိရောက်ရောက် အပြန်အလှန် ကူညီပံ့ပိုးခြင်းဖြင့် အေးအတူပူအမျှ တက်ညီလက်ညီ ရိုင်းပင်းကူညီမှု စိတ်ဓာတ်ပိုပြီး ပေါ်လွင်ထင်ရှားလာပါကြောင်း၊

တရုတ်ကွန်မြူနစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား နီးကပ်သော ချစ်ခင်ရင်းနှီးမှု ထားရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး တည်တံ့ခိုင်မြဲမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ တရုတ်ဘက်သည် နှစ်ပါတီနှင့် နှစ်နိုင်ငံဆက်ဆံရေးကို အလွန်အလေးထားပါကြောင်း၊ ကျွန်တော့်အနေဖြင့် အဆွေတော်နှင့်အတူ နှစ်ပါတီနှင့် နှစ်နိုင်ငံဆက်ဆံရေးကို နိုင်ငံရေးရှုထောင့်မှ ဦးဆောင်လမ်းညွှန်အားဖြည့်ဆောင်ရွက်ရန်၊ အာဏာရပါတီ အပြန်အလှန်သင်ယူဖလှယ်မှု နက်ရှိုင်းစွာဖော်ဆောင်ရန်၊ Belt & Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမူဘောင်အောက်ကဏ္ဍပေါင်းစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်၊ နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိရောက်စွာ ကာကွယ်စောင့်ထိန်းရန်၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် အောင်သီး အောင်နှံ ပိုမိုရရှိရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ ထံသို့ ကောင်းကျိုးသယ်ပိုးကြရန် ဆန္ဒပြုပါကြောင်းဖြင့် သဝဏ်လွှာပေးပို့ပါသည်။