နေပြည်တော် နိုဝင်ဘာ ၁၉

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား၊  နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ -

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၊ သမ္မတ မစ္စတာ ဖရန့် ဝေါ့တာ စတိုင်းမား ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများရှိနေသည့်ကြားမှ နိုဝင်ဘာလ ၈ ရက်တွင် လွှတ်တော်အသီးသီး အတွက် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းသို့ ဆက်လက် ချီတက်သွားလိုသည့် ဆန္ဒကိုထူးခြားစွာပြသခဲ့ကြပါကြောင်း၊ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အဆွေတော်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်မံအနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြတ်သားသော ဆောင်ရွက်ချက်များ လုပ်ဆောင် နိုင်ရန် ပြည်သူများမှ လုပ်ပိုင်ခွင့်ကို အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ စည်းလုံး ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် ရေရှည် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးမှု၊ သာယာဝပြောမှုတို့ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် ခွန်အားနှင့် ယုံကြည်မှု များရရှိရန် ဆန္ဒပြုအပ်ပါကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် အဆွေတော်နှင့် မြန်မာနိုင်ငံအား ဆက်လက်ပံ့ပိုး ထောက်ခံသွားမည်ဟု ထပ်လောင်းအတည်ပြုပြောကြားလိုပါကြောင်း။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီမှ ပေးပို့သည့် သဝဏ်လွှာ

မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအပေါ် မြန်မာပြည်သူများ၏ ယုံကြည်မှုနှင့် မြန်မာပြည်သူများက အဆွေတော်၏ ပါတီအပေါ်ထောက်ခံအားပေးမှုတို့ကို ရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့ကြောင်း။

နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု တည်ထောင်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်မှစတင်၍ အပြန်အလှန် နားလည် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကိုအခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးသည် အထူးကောင်းမွန်လျက် ရှိကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာတူညီမှုများ အထူးသဖြင့် ဗုဒ္ဓဘာသာ၏တူညီသော တန်ဖိုးများက မိမိတို့နှစ်နိုင်ငံ နှင့် ပြည်သူများကို ရင်းနှီးမှုပိုမိုရရှိစေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်ကြသည့် နီပေါနွယ်ဖွား များသည် နှစ်နိုင်ငံ ပိုမို နီးကပ်စေရန်အတွက် ခိုင်မာသော ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးခဲ့ကြောင်း။

နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သည့်ယဉ်ကျေးမှု ဆက်ဆံရေးများသည် အနာဂတ်တွင် ပိုမိုခိုင်မြဲလာမည်ဟု ယုံကြည်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် နီပေါနိုင်ငံသို့ လာရောက်ခဲ့သည့် အဆွေတော်၏ ခရီးစဉ်က မိမိတို့ နှစ်နိုင်ငံကို ပိုမိုနီးကပ်စေခဲ့ကြောင်း။

နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ပြည်သူများအတွက် မိမိတို့ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ အားကောင်းလာစေရန် အဆွေတော်နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအား ငြိမ်းချမ်းစွာ ကျင်းပခဲ့မှုအတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ရွေးကောက်ပွဲ၏ရလဒ်များသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အား ခိုင်မာသည့်လုပ်ပိုင်ခွင့် ဆက်လက်အပ်နှင်းခြင်းပင် ဖြစ်ပါကြောင်း၊ ဆန္ဒပြုမဲပေးသူဦးရေ မြင့်မားမှုသည် ပြည်သူများ၏ယုံကြည်မှုနှင့် မျှော်လင့်ချက်ကို ထင်ဟပ် လျက်ရှိပြီး၊ မြန်မာနိုင်ငံသည် မတူကွဲပြားမှုအင်အားဖြင့် အားလုံးပါဝင်ပြီး၊ သဟဇာတဖြစ်သည့် ဒီမိုကရေစီ နိုင်ငံတော်ပေါ်ထွန်းလာရန် အမှန်တကယ်အခွင့်အရေး ရှိနေပါကြောင်း၊ ၎င်းအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကောင်းစွာနားလည်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ခိုင်မာသည့် အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုတို့ကို အခြေခံသည့် ဒီမိုကရေစီထွန်းကားရေးအတွက် ကုလသမဂ္ဂအနေဖြင့် ခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးအနေဖြင့် မြန်မာအစိုးရနှင့် ပိုမိုခိုင်မာစွာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာပြည်သူများအား ဆက်လက်ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။