ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း ပန္နက်တင်အခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ၂၄

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဗီဒီယို ဖြင့် မိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်းကိုသီးခြား ဖော်ပြထားပါသည်။)

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက အမှာစကားပြောကြားရာတွင် ယခုအချိန် ကမ္ဘာတစ်ဝန်းတွင် COVID ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေချိန်တွင် KIMC စီမံကိန်းက မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့နိုင်ရန်အတွက် အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံ အတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း- MSDP နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy တို့သည် အခြေခံမူများ တူညီသည့် အတွက် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ၏ Presidential Committee on New Southern Policy ဥက္ကဋ္ဌ Mr. Park Bokyeong က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအတွက် များစွာ အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရေး အဓိက နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် KMIC စက်မှုဇုန်၊ ဒလတံတားဆောက်လုပ်ရေး၊ မြို့သစ်စီမံကိန်း အစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်အနာဂါတ်တွင်လည်း KMIC ကဲ့သို့ ထင်ရှားသည့် စီမံကိန်းများ ပိုမိုများပြားလာပြီး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို ယခုထက် ပိုမိုခိုင်မာလာစေကာ မြန်မာနိုင်ငံ၏ စီးပွားရေးကိုများစွာ တိုးတက်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်မည့် လမ်းခရီးအစဖြစ်ရန် အတွက် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ Korea Land and Housing Corporation ဒုတိယဥက္ကဋ္ဌ Mr. Lee Yong-sam တို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက် သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ ညွှန်ကြားရေးမှူး ချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ကိုရီးယား - မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation (LH) တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုစီမံကိန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး၊ ရန်ကုန်ဆိပ်ကမ်းတို့၏ အနီးတွင် မဟာဗျူဟာကျကျ တည်ရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ကိုရီးယား-မြန်မာစက်မှုဇုန်ကို အဆင့်မြင့် နည်းပညာများ အသုံးပြု၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ခေတ်မီစက်မှုဇုန်တစ်ခုအဖြစ် ဖန်တီးမည် ဖြစ်သည်။ ယခု စီမံကိန်းသည်ပြည်သူသာယာဝပြောမှုနှင့်ငြိမ်းချမ်းရေးစသည် တို့ကို အခြေခံထားသည့် ကိုရီးယားသမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမို ခိုင်မာသည့် ခင်မင်ရင်းနှီးမှုကို ဖော်ဆောင်သွားမည် ဖြစ်သည်။